ရခိုင်အမျိုးသား အင်အားစုတွေ ညီညွတ်ရေးလုပ်ငန်းစဉ်ကိုချမှတ်

ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)၊ ရခိုင့်တပ်မတော် (AA)တို့နဲ့ Shwe Gas အဖွဲ့တွေက ဦးစီးပြီး ပထမအကြိမ်မြောက် ရခိုင်အမျိုးသားများ စုစည်းဆွေးနွေးပွဲတစ်ခုကို ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ၄ရက်ကြာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

2013.01.16

ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရာမှာ တစ်မျိုးသားလုံး တူညီတဲ့သဘောထားတွေကိုချမှတ်ပြီး စည်းလုံးညီညွတ်ရေးကို တည်ဆောက်တဲ့အနေနဲ့ ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပြီး၊ လွန်ခဲ့တဲ့လပိုင်းတွေက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဝိုင်းဝန်းအဖြေရှာကြပြီး ရှေ့ဆက်ရမယ့်နည်းလမ်းတွေကို ချမှတ်ခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၁ရက်ကနေ ၁၄ရက်နေ့အထိကျင်းပတဲ့ ဒီဆွေးနွေးပွဲကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကတော့ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးဆိုတဲ့မူအပေါ်မှာ အားလုံးလက်တွဲညီညွတ်စွာ ဆောင်ရွက်သွားဖို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားဖို့၊ ရခိုင်အမျိုးသားညီညွတ်ရေး အကျိုးဆောင်ကော်မတီကို ကျမတို့ ဒီအစည်းအဝေးကပဲ ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်၊ နောက်ပြီးတော့ တရားမဝင် ကျမတို့တိုင်းပြည်မှာ နေထိုင်လာကြတဲ့ တခြားလူမျိုးတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားစီစစ်ရေး လှုပ်ရှားမှုတွေကို မှန်ကန်စွာ ပြုလုပ်ပြီးတော့ ဥပဒေနဲ့အညီ အမြန်ဆုံးဆောင်ရွက်ပေးဖို့အတွက် လက်ရှိမြန်မာနိုင်ငံအစိုးရကို ကျမတို့တောင်းဆိုတဲ့ သဘောထားတွေချပါတယ်”

ဒါ့အပြင် ၂၀၁၀ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ရသေ့တောင် အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို အတည်ပြုကြောင်း၊ လူမှုကွန်ယက်အသီးသီးက ချမှတ်ထားတဲ့ တောင်ကုတ်ညီလာခံ ဆွေးနွေးချက်တွေကို သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားတွေ အသက်အန္တရယ် ရင်ဆိုင်နေရတာတွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေကို တင်ပြတောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုကြောင်းကိုလည်း ဒီညီလာခံကနေ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အဖွဲ့ပေါင်း ၁၇ဖွဲ့မှ ကိုယ်စားလှယ် ၄၀ကျော်တက်ရောက်ခဲ့ပြီး ၂၀၀၄ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရခိုင်အမျိုးသားခေါင်းဆောင်တွေ ညီညီညွှတ်ညွှတ်တွေ့ဆုံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တာလို့လဲ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။