ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး

RFA Burmese
2024.11.18
ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Dwarawaddy-Sandoway

ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် အရပ်သား ၇၃၅ ဦး သေဆုံးပြီး ၁၅၆၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ စာရင်းဖြစ်ပြီး တိုက်ပွဲမဖြစ်သေးတဲ့ မာန်အောင်မြို့နယ်ကလွဲရင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်မှာ အရပ်သားသေဆုံးမှု ၁၀၈ ဦးနဲ့ အများဆုံးဖြစ်ပြီး ဘူးသီးတောင်မြို့နယ်မှာ ၁၀၄ ဦးနဲ့ မောင်တောမှာ ၈၅ ဦးအထိ ရှိတယ်လို့ HDCO က ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် လူငါးသိန်းခွဲခန့် အိုးအိမ်စွန့်ခွာခဲ့ရသလို နေအိမ် ၆၄၀၀ ကျော်၊ တံတား ၂၈ စင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ ဈေး ၂၁ ခုနဲ့ INGO ရုံး ငါးခု ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း AA ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတစ်နှစ်အတွင်းမှာ ရခိုင်ပြည်နယ်က မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ အမ်းမြို့ အပါအဝင် ဂွ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။