ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ တိုက်ခိုက်ခံရ

RFA Burmese
2024.04.14
ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ တိုက်ခိုက်ခံရ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ကျင်းပသည့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။
Photo: Myanmar Military

ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် (DSA) နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နားတစ်ဝိုက်ကို ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေတဲ့ တစ်ချိန်တည်းမှာပဲ အခုလိုပစ်ခတ်တိုက်ခိုက်သံတွေကြားရတာလို့ ဆိုပါတယ်။

ဒီနေ့ည ကိုးနာရီကျော်ကနေ ဆယ်နာရီကျော်လောက်ထိ အချက်ပေါင်း ၄ဝ လောက် ပစ်ခတ်ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ အနီးနားမှာနေတဲ့ ဒေသခံကပြောပါတယ်။

"ဒုံးတွေ ကျသံကြားပြီးနောက် DSA နဲ့ DSTA တပ်ထဲတွေကို မီးဖြတ်လိုက်တယ်။ စစ်ကားတွေရော၊ လူမှုကူညီရေးကားတွေရော ရှုပ်နေတယ်။ DSA ဝန်းထဲကျတယ်လို့ သိထားတယ်၊ ညဘက်ဆိုတော့သေချာတော့ မသိသေးဘူး၊ မနက်ဖြန် သူ (စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) မဏ္ဍပ်ထိုင်မယ်လို့ ကြားတယ်။ အဲဒါသတင်းရလို့ လာပစ်တာထင်တယ်"

နောက်ထပ်ဒေသခံတစ်ဦးကလည်း ... "DSA ကျောင်းကိုပစ်တာ၊ တခြားနေရာတွေလည်းကျတယ်ကြားတယ်။ ရှော့တိုက်ဒုံးနဲ့ ပစ်တာ၊ ပင်စည်ဘက်က ဘုန်းကြီးကျောင်းနဲ့ ဆေးရုံကြီးအရိုးဆောင်လည်း ထိတယ်လို့ကြားတယ်၊ သေချာတော့ မသိသေးဘူး" လို့ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ ဖုန်းဆက်ခဲ့ပေမဲ့ လတ်တလောပြန်ဖြေတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။