ပြည်မြို့မှာ ဖမ်းဆီးခံရတဲ့ လူငယ်ငါးဦး အဆက်အသွယ် ပြတ်တောက်နေ

RFA Burmese
2024.10.14
ပြည်မြို့မှာ ဖမ်းဆီးခံရတဲ့ လူငယ်ငါးဦး အဆက်အသွယ် ပြတ်တောက်နေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ပြည်မြို့တွင် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်း၊ ပြည်မြို့ ရွှေဆံတော်ဘုရားအနီးမှာ အောက်တိုဘာလ ၁၀ ရက်နေ့ ညက ဖမ်းဆီးခံရတဲ့ လူငယ်ငါးဦးဟာ အောက်တိုဘာလ ၁၄ ရက်ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ပြည်မြို့ခံ တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လူငယ်ငါးဦးကို ဖမ်းဆီးပြီးနောက် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးသလို ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာလဲ မသိရသေးဘူးလို့ အဲဒီဖြစ်စဉ်ကို သိတဲ့ ပြည်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရတဲ့သူတွေကလဲ ဘယ်ဒေသကမှန်းတော့ မသိဘူးပေါ့နော်။ အဖမ်းခံရတာတော့ Confirm(အတည်ပြု) ဖြစ်တယ် ဒါပေမဲ့ အခု အဆက်အသွယ်ရဖို့ စုံစမ်းနေပါတယ်”

အောက်တိုဘာလ ၉ ရက်နေ့ကလည်း ပြည်မြို့ နာရီစင်အနီးမှာ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ပြည်မြို့ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေထွက်လာပြီး နောက်ပိုင်း ပဲခူးတိုင်းထဲမှာ လူငယ်တချို့ကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။