ပြည်မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲ၊ လွှတ်တော်အမတ်တစ်ဦး အပါအဝင် ငါးဦးသေဆုံး
2021.05.03
ပဲခူးတိုင်း ပြည်မြို့နယ် ကမ္ဘီလာကျေးရွာမှာ မေလ ၃ ရက် ဒီနေ့ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲတဲ့အတွက် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲဝန်ထမ်း ၃ ဦးနဲ့ ခြံပိုင်ရှင် ရွာသားတစ်ဦး၊ စုစုပေါင်း ၅ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံက RFA ကို အတည်ပြုပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့အတွက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ရဲတွေနဲ့အတူ အဲ့ဒီရွာမှာ တိမ်းရှောင်နေတာဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးသက်ဝင်းလှိုင်ရဲ့ မိတ်ဆွေတစ်ဦးက… " သတင်းတွေ အမျိုးမျိုးထွက်နေတယ်၊ ကိုယ့်ဟာကိုယ် ဗုံးစမ်းသပ်လုပ်နေရင်း ပေါက်တာဆိုပြီးလည်း ပြောကြတယ်။ ဒါလုံးဝ မဟုတ်ပါဘူး။ ကျနော်တို့ ပြောနိုင်တာက သူနဲ့အတူရှောင်နေတဲ့ ရဲတစ်ယောက်က CDM မလုပ်တော့ဘဲ့ Non-CDM လုပ်ပြီး အလုပ်ပြန်ဝင်သွားတယ်။ သူက ပို့လိုက်တဲ့ ပါဆယ်ကနေ ပေါက်တာ၊ ပါဆယ်ဗုံးပေါက်တာ" လို့ RFA ကို ပြောပါတယ်။
ဗုံးကွဲတဲ့နေရာမှာ ရှိနေတဲ့သူတွေထဲက တစ်ဦးသာ အသက်ရှင်ကျန်ခဲ့ပြီး ပြည်မြို့ခုတင် ၅၀၀ ဆေးရုံမှာ လက်နှစ်ဖက် ဖြတ်လိုက်ရတယ်လို့ ပြောပါတယ်။
ဒီကနေ့ ညပိုင်း ပြည်မြို့ရဲ့ နေရာသုံးနေရာမှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။