မြစ်ကြီးနားမှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ အဖမ်းခံရ
2021.02.18

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြအဖွဲ့ထဲက လေးဦးထက်မနည်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဒီနေ့မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဖမ်းခံရသူတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။
ကချင်ပြည်နယ် အထွေထွေသပိတ်အဖွဲ့ လမ်းကြောင်းကို တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ အင်အားတစ်ရာခန့်က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ပိတ်ပင်တားဆီးလို့ လူစုခွဲချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
စစ်တပ်ကားပေါ်ကနေ လော်စပီကာနဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ လူ ငါးဦးထပ်ပိုမစုဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း အိမ်ပြင်မထွက်ရန်အမိန့်တွေကို လိုက်နာကြဖို့ ပြောခဲ့ပါတယ်။
ကချင်ပြည်နယ်အထွေထွေသပိတ်အဖွဲ့က အဲဒီနေရာကနေ လှည့်ပြန်သွားခဲ့ပါတယ်။