ဖိနှိပ်မှုကြားက အရှိန်မပျက်တဲ့ ၂ ခြောက်လုံး သပိတ်

"ပြန်လည်စုရုံး ၂ ခြောက်လုံး" လို့ အမည်ပေးထားတဲ့ လူထုလှုပ်ရှားမှုသပိတ်ကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ လောင်းလုံအပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး စာတန်းကိုင်ဆောင် ဆန္ဒပြတာ၊ သနပ်ခါးလူးတာတွေနဲ့ နှင်းဆီပန်း ပန်ဆင်တာတွေအပြင် လမ်းမတွေပေါ် ချီတက်ဆန္ဒပြတာတွေကို ရဟန်း သံဃာတွေနဲ့ ပြည်သူတွေက ပါဝင်လှုပ်ရှားခဲ့ကြတာပါ။
ရန်ကုန်မြို့မှာဆိုရင် ဒီနေ့ မနက်အစောပိုင်းက ကြည့်မြင်တိုင်နဲ့ သာကေတမြို့နယ်တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြေပြင်သပိတ်ကော်မတီတွေ စုပေါင်းပြီး ပြုလုပ်ခဲ့တယ် လို့ General Strike Committee (GSC) ရဲ့ မြေပြင်သပိတ်တာဝန်ခံ ကိုလီယိုက RFA ကို ပြောပါတယ်။
"၂ ခြောက်လုံးက ဒီအရေးတော်ပုံ တစ်နှစ်ပြည့်။ ပြီးခဲ့တဲ့အလွန်ကာလမှာ လူထု တစ်ရပ်လုံးကနေပြီးတော့ အရေးတော်ပုံတစ်ရပ်ကို ဆင်နွှဲခဲ့ကြတယ်ပေါ့လေ။ နောက် ကျွန်တော်တို့ဖြတ်သန်းနေတဲ့ အရေးတော်ပုံ ကာလထဲမှာ ဒီလို သိသာထင်ရှားနိုင်တဲ့ နေ့ရက်ဖြစ်တယ်ပေါ့လေ။ ဒီလိုနေ့မျိုးမှာ လှုပ်ရှားမှုပုံစံကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့၊ ပြီးတော့ ဒီကနေပြီးတော့ အဲဒီလှုပ်ရှားမှုကနေတစ်ဆင့် ပေးလိုက်တဲ့ မက် ဆေ့တွေ၊ နိုင်ငံရေးသတင်းစကားတွေ၊ ဒီဟာတွေက တစ်နိုင်ငံလုံးက လူထုအပြင်ကို ကမ္ဘာအရပ်ရပ်က လူထုကိုပါ ဒီနေ့ရဲ့ အရေးတော်ပုံနဲ့အတူ ဒီမက်ဆေ့ကို တစ်ခါတည်း ထည့်ပေးလိုက်ရတယ်ပေါ့လေ"
ဆန္ဒပြသူတွေကို စစ်ကောင်စီက ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးတာတွေ လုပ်လေ့ရှိပေမယ့် ဒီနေ့လှုပ်ရှားမှုကိုတော့ အခက်အခဲတွေကြားက အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ဒီနေ့ ၂ ခြောက်လုံးသပိတ်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဒေသခံလေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မုံရွာမြို့မှာ ဒီနေ့မနက်က ဆန္ဒပြပွဲအပြီး အင်းရွာသစ်က လက်ဖက်ရည်ဆိုင်မှာ လူငယ် တစ်ဦး သေနတ်နဲ့ သုံးချက်ပစ်ပြီး ဖမ်းဆီးခံခဲ့ရသလို နောက်ထပ် လူငယ်တစ်ဦးဟာလည်း ရန်ကင်းရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နောက်ထပ်နှစ်ဦးကတော့ စျေးသည်အမျိုးသမီးတွေလို့ ဆိုပါတယ်။
ဒါ့အပြင် မုံရွာမြို့မှာ ဒီနေ့မနက် ၆ နာရီခွဲလောက်က ၂ ခြောက်လုံးအထိမ်းအမှတ် စာရွက် ကြဲဖို့သွားတဲ့ အမျိုးသမီးငယ် နှစ်ဦးကို စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိမ်စီး ကားနဲ့ တိုက်ပြီးဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် လွတ်မြောက်လာခဲ့တယ်လို့ မုံရွာ လူထုသပိတ် ကော်မတီက ကိုအာကူးက ပြောပြပါတယ်။
"နောက်မှာ အိမ်စီးကားတစ်စီးက ကပ်လိုက်လာတယ်။ သူတို့ကို ကားပေါ်ကနေ လှမ်းဆွဲတယ်။ တရွတ်တိုက် ခေါ်သွားတယ် ပြောတယ်။ အဲဒီအချိန် သူတို့ကားက ပျက်သွားပြီး ဘေးချောက်ထဲ ထိုးကျသွားချိန် ကောင်မလေးတွေ ဆိုင်ကယ်လည်း လဲသွားတယ်တဲ့။ ရှေ့ကကောင်မလေးကထပြီး ဆိုင်ကယ်ကိုမောင်းပြီး လွတ်သွားတယ်။ နောက်က ကောင်မလေးကလည်း ပြေးတယ် ရပ်ကွက်ထဲကို"
လတ်တလောမှာတော့ အမျိုးသမီးငယ် နှစ်ယောက်လုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ပြောပါတယ်။
"၂ ခြောက်လုံးက ဒီအရေးတော်ပုံ တစ်နှစ်ပြည့်။ ပြီးခဲ့တဲ့အလွန်ကာလမှာ လူထုတစ်ရပ်လုံးကနေပြီးတော့ အရေးတော်ပုံတစ်ရပ်ကို ဆင်နွှဲခဲ့ကြတယ်ပေါ့လေ"
မန္တလေးမြို့ပေါ်မှာတော့ ဒီမနက်အစောပိုင်းကစလို့ မန္တလေးသံဃာ့သမဂ္ဂရဲ့ ဆွမ်းခံ သပိတ်အပြင် ဦးပိန်တံတားနဲ့ တခြားနေရာတွေမှာ သပိတ်စာတမ်းတွေ ချိတ်ဆွဲတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေဘက်ကလည်း ပန်းပန်တာ၊ သနပ်ခါးလိမ်းတာ စတဲ့ အစီအစဉ်တွေနဲ့ ဒီနေ့သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးသပိတ်အင်အားစု ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
"မန္တလေးအနေနဲ့ဆိုရင် မနက်ပိုင်းမှာကို သပိတ်တွေအနေနဲ့ လှုပ်ရှားတာတွေရှိတယ်။ ပြည်သူတွေအနေနဲ့လည်း တချို့ပုံလေးတွေ ပို့ပေးတာတို့၊ Campaign မှာ ပါဝင်လာ တာလေးတွေ မျက်မြင်ကိုယ်တွေ့လည်းရှိတော့ တော်တော်တော့ပါဝင်ပါတယ်။ ပြည်သူ တွေအနေနဲ့ စကစရဲ့ အန္တရာယ်လည်းရှိတော့ အကုန်လုံးနီးနီး မပါဝင်နိုင်တာကို ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်ပေါ့နော်။ လက်ရှိပါဝင်ထားတာနဲ့ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကမ်ပိန်းလည်း အောင်မြင်မယ်လို့ ထင်ပါတယ်"
မန္တလေးမြို့ပေါ်မှာ ဒီနေ့မနက်အစောပိုင်းက လှုပ်ရှားမှုတွေရှိခဲ့ပြီးနောက် မနက် ၈ နာရီ ဝန်းကျင်မှာတော့ စစ်ကောင်စီကလည်း ပြည်သူတွေအပေါ် အင်အားပြတဲ့သဘောနဲ့ အဓိကရုဏ်းဖြိုခွင်းတဲ့ ရေကားတွေ၊ အချုပ်ကားတွေနဲ့ လှည့်လည်တာတွေရှိခဲ့တယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ၂ ငါးလုံး လူထုလှုပ်ရှားမှုမှာတော့ လူပင်လယ်ပုံစံဖော်ဆောင်ရင်း တစ်နိုင်ငံလုံးက ပြည်သူတွေပါဝင်ခဲ့ကြတာပါ။
အခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ အင်အားသုံးဖြိုခွင်း မှုတွေရှိနေလို့ ဒီနေ့ ၂ ခြောက်လုံးလှုပ်ရှားမှုကို ပြည်သူတွေဘက်က ရတဲ့နည်းနဲ့ ပါဝင် ခဲ့ကြတယ်လို့ ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"လောလောဆယ်အထိက မြေပြင်အချက်အလက်၊ မြေပြင်မှာမြင်ရတဲ့ပုံစံက လူထုက ပါလို့ရတဲ့ ပုံသဏ္ဍန်ပေါင်းစုံနဲ့ ပါတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ ရှေ့မှာလှုပ်ရှား ခဲ့တဲ့ Silence Strike လိုမျိုး သူ့ရဲ့ပါဝင်တဲ့ အနေအထားလိုမျိုး ကျနော်တို့က ချက်ချင်း ကြီး ရှင်းရှင်းလင်းလင်း ပြောပြလို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါပေမဲ့ လူထုကပါဝင်မှု ကို မြေပြင်မှာလိုက်ပြီး စုံစမ်းကြည့်တဲ့အခါမှာ သတင်းပေးပို့ချက်တွေအရ ပါလို့ရ သလောက် ပါတယ်ဗျာ။ သနပ်ခါးလိမ်းထားတာ၊ နှင်းဆီပန်း ပန်ထားတာ ရှိတယ်။ ထီးဆောင်းထားတာ၊ ဦးထုပ်ဆောင်းတာတွေ ရှိတယ်ပေါ့။ ဒါတွေက ပါဝင်တာပဲဆိုတော့ ဒီလိုပုံစံတွေ တွေ့နေရတာရှိပါတယ်"
ယခင်ကပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်၊ ပန်းသပိတ်နဲ့ မြေပြင်သပိတ် စတဲ့ လူထု လှုပ်ရှားမှုတွေဟာ စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေ ခဲ့တယ်လို့ သူကပြောပါတယ်။
ဒီနေ့မှာကျင်းပတဲ့ လူထုလှုပ်ရှားမှုကိုလည်း အင်းစိန်ထောင်ကနေ ထောင်အတွင်း တရားရုံးမှာ တရားရင်ဆိုင်ဖို့ လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါးက သနပ်ခါး လူးတာ၊ ၅ မိနစ်ငြိမ်သက်တာ စတဲ့ လှုပ်ရှားမှုတွေနဲ့ ပါဝင်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက သူတို့ကိုဆန့်ကျင်သူတွေအပေါ် နည်းလမ်း ပေါင်းစုံနဲ့ ဖြိုခွင်းနေပေမယ့် ပြည်သူတွေဘက်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ပြုလုပ်နေကြဆဲပါ။
အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူပေါင်း ၁၅၆၆ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူက ၁၂၂၄၉ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။