သာယာဝတီထောင်မှာ အပြင်ခေါ်ထုတ်စစ်ဆေးခံရတဲ့အထဲ နိုင်ကျဉ်းတစ်ဦးသေဆုံး

RFA Burmese
2023.05.30
သာယာဝတီထောင်မှာ အပြင်ခေါ်ထုတ်စစ်ဆေးခံရတဲ့အထဲ နိုင်ကျဉ်းတစ်ဦးသေဆုံး ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အကျဉ်းကျပြီး သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဝင်း။
Citizen Journalist

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဝင်း မေလ ၂၁ ရက်နေ့က သေဆုံးခဲ့ပြီး မိသားစုက အလောင်းကြည့်ခွင့်မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက မေလ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ-၅၀၅-က၊ ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့နဲ့ ထောင်ခုနစ်နှစ်ကျခံနေရတဲ့ ကိုပြည့်ဖြိုးဝင်း သေဆုံးသွားတဲ့အကြောင်း ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် အလောင်းပြန်လည်ထုတ်ယူခွင့်တော့ မပေးခဲ့ဘူးလို့ ဆိုပါတယ်။

အလောင်းပြန်မပေးတာကြောင့် ညှဉ်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးသွားတာဖြစ်နိုင်ကြောင်း ကိုပြည့်ဖြိုးဝင်းရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“သူက လူငယ်လည်းဖြစ်တယ်။ မာမာချာချာပဲ ဘာရောဂါမှလည်းမရှိဘူး။ သူ သေဆုံးသွားတယ်ဆိုတာ မယုံနိုင်ဘူးပေါ့ဗျာ။ နောက်တစ်ခုက ရိုးသားတယ်ဆိုရင် အလောင်းပြန်ပေးပေးပေါ့ဗျာ။ အလောင်း လည်း ပြန်မပေးဘူး။ ဒီဟာကို ကြည့်ခြင်းအားဖြင့် သူ သေဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့ ယူဆတယ်”

ထောင်အာဏာပိုင်တွေဘက်ကတော့ ကိုပြည့်ဖြိုးဝင်း သေဆုံးရတာဟာ အဆုတ်ထဲကို ပိုးဝင်တဲ့ရောဂါနဲ့ သေဆုံးကြောင်း မိသားစုဝင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုမေလအတွင်း သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားကိုးဦး ထောင်ပြင်ကို ခေါ်ထုတ်စစ်ဆေးခံရပြီး အဲဒီအထဲမှာ ကိုပြည့်ဖြိုးဝင်းလည်း ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကိုပြည့်ဖြိုးဝင်းဟာ အဲဒီစစ်ဆေးမှုအတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးတာလို့ သတင်းတွေ ထွက်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မန္တလေးတိုင်း မြင်းခြံထောင်မှာလည်း မေလ ၂၁ ရက်နေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို သီးခြားစီ ခေါ်ထုတ်စစ်ဆေးခဲ့ပြီး ရိုက်နှက်နှိပ်စက်တာတွပါရှိခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ပြောပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်မှာတော့ မေလ ၂၅ ရက်နေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၂၀ ဦးခန့် ခေါ်ထုတ်စစ်ဆေးခံနေရပြီး အဲဒီအထဲက တစ်ဦးသေဆုံး ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၉ ရက်နေ့ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၄၁၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆၁၀၇ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။