မြန်မာ ဘိန်းထုတ်လုပ်မှု ဆယ်နှစ်အတွင်း အမြင့်ဆုံး


2013.12.18

ဒီနှစ် မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှုဟာ ဆယ်နှစ်အတွင်း အမြင့်မားဆုံးဖြစ်တယ်လို့ UNODC  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံးက ပြောကြားလိုက်ပါတယ်။

နယ်မြေမအေးချမ်း၊ မတည်ငြိမ်တဲ့ နယ်စပ်ဒေသတွေမှာ ဆင်းရဲတဲ့ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေဟာ ဘိန်းကိုပဲ အားထားစိုက်ပျိုးနေရလို့ ခုလို စိုက်ပျိုးမှုနှုန်း မြင့်တက်လာတာလို့ မနေ့က ထုတ်ပြန်တဲ့ UNODC အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းအများဆုံးထွက်တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်ထဲ ဘိန်း ၂၆ ရာခိုင်နှုန်း တိုးထွက်ပြီး၊  ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဘိန်းတန်ချိန် ၈၇၀ လောက်ထွက်ရှိတယ်လို့ ခန့်မှန်းရပြီး ဒါဟာ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ၂၀၀၂ ခုနှစ်နောက်ပိုင်း  မြန်မာ့ဘိန်းအထွက်ကို  စောင်ကြည့်ချိန်ကစလို့ ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်တယ်လို့ နှစ်စဉ်ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ UNODC  မန်နေဂျာ  Jason Eligh  က  ဘိန်းစိုက်တောင်သူတွေဟာ တကယ်တော့ လူဆိုးလူမိုက်တွေမဟုတ်ဘဲ ဆင်းရဲတဲ့လူတွေပါလို့  ပြောပါတယ်။ ရွာသားတွေဟာ စားနပ်ရိက္ခာမလုံလောက်ဘဲ ဆင်းရဲမွဲတေနေပြီး  တခြားမည်မည်ရရရှိမယ့် စီးပွားရေး လှည့်လုပ်ရင်လုပ် ဒါမှမဟုတ် ဘိန်းပဲဆက်စိုက်ပျိုးရင်စိုက်ပျိုး တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်။ ရွာသားတွေဟာ စိတ်ဓာတ်ကျနေကြတာမို့ ထွက်ပေါက်အဖြစ် ငွေရလွယ်တဲ့ဘိန်းကိုပဲ စိုက်ပျိုးရတာပါလို့လည်း သူကပြောပါတယ်။  

မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးတဲ့ဧရိယာဟာ ၂၀၁၃ ခုနှစ်မှာ ဧကတစ်သိန်း လေးသောင်းကျော်ရှိပြီး ၂၀၁၂ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း များလာတယ်လို့  UNODC  အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းက ခန့်မှန်းဖော်ပြပါတယ်။

မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ RFA သတင်းထောက် စိုင်းထွန်းအောင်လွင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။