မိုးကုတ်တိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၄ ဦး လွတ်မြောက်

RFA Burmese
2024.07.28
မိုးကုတ်တိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၄ ဦး လွတ်မြောက် မိုးကုတ် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၄ ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ နေ့က လွှဲပြောင်းလက်ခံယူခဲ့စဉ်။
မိုးကုတ်ဗျူဟာ ဓာတ်ပုံ

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မိုးကုတ် အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မိုးကုတ်ဗျူဟာက ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရွာအနီးက အချုပ်ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ TNLA က ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စခန်းနေရာတချို့ကို လုံခြုံရေးအရ ရွှေ့ပြောင်းပေါင်းစည်းပြီး TNLA နဲ့ ပူးပေါင်းတပ်တွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်ကလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-၁) က ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။