ထောင်တွင်းဖိနှိပ်မှုအခြေအနေ ဆိုးရွားလာကြောင်း AAPP ပြော

RFA Burmese
2025.03.03
ထောင်တွင်းဖိနှိပ်မှုအခြေအနေ ဆိုးရွားလာကြောင်း AAPP ပြော ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဝင်းအတွင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာပစ္စည်းပို့ခွင့် ကန့်သတ်ခံရတာ၊ ဧည့်တွေ့ခွင့် ပိတ်ပင်ခံရတာနဲ့ လုံလောက်တဲ့ဆေးကုသခွင့်တွေမရဘဲ ဖိနှိပ်ခံနေရမှုတွေ ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးပြီးနောက် အကျဉ်းထောင်နဲ့ ရဲစခန်းတွေမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ နိုင်ငံရေးအကျဉ်းသား သုံးဦး သေဆုံးခဲ့တယ်လို့ AAPP က ပြောပါတယ်။

ရန်ကုန် အင်းစိန်ထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်၊ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နဲ့ ကိုနိုင်ဝင်းတို့က စစ်ကောင်စီလူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ထောင်တွင်း ဝင်ရောက်စစ်ဆေးစဉ် အကျဉ်းသားအခွင့်အရေးဆုံးရှုံးနေမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပြောဆိုခဲ့တဲ့အပေါ် ထောင်အာဏာပိုင်တွေက တောင်တွင်းစစ်ကြောရေးကို ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်ရိုက်နှက်ပြီးနောက် တိုက်ပိတ်ပြစ်ဒဏ်ပါ ပေးခဲ့တယ်လို့ AAPP က ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ပေးပို့တဲ့ ထောင်ဝင်စာ ပစ္စည်းတွေကို သတ်မှတ်နှုန်းအတိုင်း ပေးပို့ခွင့်မပြုဘဲ ကန့်သတ်ထားတဲ့ပြင် စာအုပ်စာပေပို့ခွင့်ကိုပါ ကန့်သတ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သာယာ၀တီအကျဉ်းထောင်မှာလည်း ထောင်ဝင်စာလက်ခံတဲ့ဌာနက အကျဉ်းသားတွေဆီပေးပို့တဲ့ ဆေးဝါးတွေကို လက်ခံထားပေမဲ့ အကျဉ်းသားလက်ဝယ်အရောက် ပေးပို့တာမရှိဘဲ ဖြတ်တောက်ထားတဲ့ ဖြစ်ရပ်တွေရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“နေမကောင်းလို့ အိမ်က တချို့ဆေးပို့ရင်လည်း ပါဆယ်ဌာနက လက်ခံလိုက်ပေမဲ့ ကလေးတွေဆီ လုံး၀မရောက်ပါဘူး။ တိုက်ပိတ်တဲ့နေရာမှာလည်း အဆောက်အအုံက မကောင်းတော့ဘူး။ မိုးတွင်းဆို မိုးယို၊ အခုနွေရောက်တော့လည်း သလက်ပြားတွေက မိနစ်ပိုင်းတစ်ခုလောက် ကြွေကျနေပြီး သဲမှုန်တွေက မိုးဖွဲကျသလို ကြွေကျနေတာ တောင်းဆိုလည်း ဘာမှမလုပ်ပေးဘူး။ တချို့ဆို တိုက်ပိတ်ခံထားရတာ နှစ်ချီနေပြီ။ အစားအသောက် ဒုက္ခရောက်တဲ့ကြား အိပ်ရေးတွေပါ ပျက်လာတော့ ကျန်းမာရေးထိခိုက်လာတယ်”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီအကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

AAPP ရဲ့ မတ်လ ၃ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၁,၉၆၅ ဦး) ရှိနေပြီး အဲဒီအထဲက တစ်သောင်းကျော် (၁၀,၄၈၈ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။