သတင်းထောက် ၄၃ ဦး ဆက်လက် ဖမ်းဆီးခံထားရကြောင်း IPCM ပြော

RFA Burmese
2025.01.26
သတင်းထောက် ၄၃ ဦး ဆက်လက် ဖမ်းဆီးခံထားရကြောင်း IPCM ပြော ရန်ကုန်မြို့၊ မြေနီကုန်းမှာ ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခဲ့သဖြင့် ထွက်ပြေးနေကြသည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ သတင်းထောက် နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက သတင်းသမား ၄၃ ဦးဟာ ဒီနေ့အထိ အကျဉ်းထောင်တွေထဲမှာ ဆက်လက် အကျဉ်းကျခံနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထောင်ဒဏ်တစ်သက် အပါအဝင် အနိမ့်ဆုံးပြစ်ဒဏ် ဆယ်နှစ်နဲ့အထက် ကျခံထားရတဲ့ သတင်းသမား ၁၁ ဦး ရှိနေပြီး ကျန်တဲ့သူတွေကတော့ ထောင်ဒဏ်သုံးနှစ်ကနေ ဆယ်နှစ်အထိ ပြစ်ဒဏ်ချခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်းမှာ သတင်းသမား ခုနစ်ဦးအထိ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ IPCM ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီဘက်က လွတ်လပ်တဲ့ သတင်းမီဒီယာတွေပေါ် ဖိနှိပ်မှုတွေ ရပ်တန့်မဲ့အစီအစဉ် မတွေ့ရသေးဘူးလို့ IPCM ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးတိုးဇော်လတ်က ပြောပါတယ်။

“ဒီအချက်လက်တွေကို ကြည့်ရင် ကျွန်တော်တို့က တော်တော်ဆိုးတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ နောက်ထပ်ရော ကောင်းလာဖို့က မမြင်သေးဘူး။ နှစ်စမှာ ဆိုက်ဘာဥပဒေအသစ်ကို စတွေ့တယ်။ ပြီးခဲ့တဲ့ရက်ပဲ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက စစ်ကောင်စီကို အကြည်ညိုပျက်စရာတွေ မရေးနဲ့ ဘာညာ ကြိမ်းမောင်းသွားသေးတယ်လေ။ ဆိုတော့ မီဒီယာဖိနှိပ်မှုတွေက မရပ်သွားဘူးပေါ့ဗျာ”

အာဏာသိမ်းကာလအတွင်း မြန်မာပြည်တွင်းက သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံခဲ့ရပြီး သတင်းဌာန တော်တော်များများ ပြည်ပမှာ ခက်ခက်ခဲခဲနဲ့ ရပ်နေကြရတယ်လို့ ဆိုပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံရပြီး အန္တရာယ်အများဆုံးအဆင့်မှာ ရှိနေတယ်လို့ ဖော်ပြခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။