ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ငွေလိမ်တောင်းနေကြောင်း PPNM ထုတ်ပြန်
2025.02.09

မြန်မာနိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထံကနေ ထောင်အာဏာပိုင်တွေက ငွေကြေးလိမ်လည်ကောက်ခံတာတွေရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအစောပိုင်းကစပြီး အကျဉ်းဦးစီးဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို တယ်လီဖုန်းဆက်ပြီး အကြောင်းပြချက် အမျိုးမျိုးပြောဆိုကာ ငွေကြေးလိမ်လည်တောင်းနေတာလို့ PPNM က ဖေဖော်ဝါရီလ ၉ ရက်နေ့က အသိပေးထုတ်ပြန်တာပါ။
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေထံကို ငွေကြေးလိမ်လည်တောင်းခံနေတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းမပါရေး အကြောင်းပြချက်တွေရယ် နိုင်ငံတော်လွတ်ငြိမ်းတွေပေးတဲ့အခါမှာ မိသားစုဝင်တွေပါဖို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေထံကို ငွေကြေးတောင်းခိုင်းလိုက်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မတရားသဖြင့် ငွေကြေးလိမ်လည်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေဟာ လက်သင့်ခံစရာမရှိတဲ့အကြောင်းပြချက်နဲ့ ငွေကြေးတောင်းခံနေတာဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက အထွေထွေအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ချွေးနှဲစာနဲ့ ရှာထားတဲ့ငွေတွေကို အခုလို လိမ်လည်နေတာတွေရပ်ဖို့ပဲ ပြောချင်ပါတယ်”
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအနေနဲ့ ထောင်အာဏာပိုင်တွေက တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး လိမ်လည်တောင်းခံနေတာတွေကို အထူးသတိထားကြဖို့နဲ့ စိစစ်မေးမြန်းဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေထံကနေ လိမ်လည်တောင်းခံနေတာတွေကို ရပ်တန့်ဖို့လည်း PPNM က သတိပေးထားပါတယ်။
PPNM ရဲ့ မှတ်တမ်းအရ ငွေကြေးလိမ်လည်တောင်းခံနေတဲ့ အကျဉ်းထောင်တွေထဲမှာ မန္တလေးအိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်တွေပါဝင်ပြီး ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေထံကို ဆက်သွယ်ပြီး ငွေကြေးတောင်းခံနေတာလို့ ဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်အဆောင်မှူး မျိုးသီဟအောင်နဲ့ ထောင်ဝန်ထမ်းတွေက ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ ဆေးရုံတက်ရပြီး ငွေကြေးအရေးပေါ်လိုအပ်နေကြောင်း အကြောင်းပြချက်နဲ့ မိသားစုတွေထံဆက်သွယ် ငွေတောင်းခံနေသလို ငွေကြေးအနည်းဆုံး ကျပ်တစ်သိန်းကနေ သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည်တောင်းခံတဲ့ သက်သေဖြစ်ရပ်တွေရှိတယ်လို့ ဆိုပါတယ်။
အိုးဘိုထောင်ဝန်ထမ်းတွေကလည်း ကျန်းမာရေးနဲ့ ထောင်မပြောင်းရအောင်ပြောပြီး ငွေကြေးလိမ်လည်တောင်းခံနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညောင်ဦးအကျဥ်းထောင်ဝန်ထမ်းတွေကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပစ္စည်းမှာခိုင်းတာဆိုပြီး မိသားစုဝင်တွေထံ ငွေလိမ်လည်တောင်းခံနေတာတွေ လုပ်တဲ့အပြင် ပခုက္ကူအကျဉ်းထောင်မှာလည်း ငွေကြေး တစ်သိန်းကနေ သုံးသိန်းအထိ လိမ်လည်တောင်းခံနေတယ်လို့ ထုတ်ပြန်ပါတယ်။
PPNM ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားမိသားစုဝင်တွေက ငွေကြေးလိမ်လည်ကောက်နေတာ ရပ်တန့်ဖို့နဲ့ အခြေအနေဆိုးရွားလာရင် လူမှုရေးပြစ်ဒဏ်တွေပေးနိုင်ဖို့ ထောင်ဝန်ထမ်းတွေရဲ့ ဓာတ်ပုံတွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။