လုံလောက်တဲ့ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ငါးဦး သေဆုံး
2025.02.25
အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ၂၀၂၅ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ငါးဦးရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့ကြတာဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာ ကောက်ယူရရှိတဲ့စာရင်းထက် ပိုများနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ဖေဖော်ဝါရီလအတွင်းမှာပဲ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဆုံးခဲ့တယ်၊ ၂၀၂၅ မှာတော့ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ငါးဦးဆုံးထားတယ်လို့ ပြောလို့ရပါတယ်၊ ဒါဟာအနည်းဆုံးပမာဏ မှတ်တမ်းကောက်ယူထားနိုင်တဲ့အခြေအနေသာ ဖြစ်ပါတယ်၊ ဒီထက် ထပ်များနိုင်တယ်လို့လည်း ပြောချင်ပါတယ်"
ထောင်တွင်းမှာ ဆေးဝါးလုံလောက်စွာမရလို့ သေဆုံးတယ်ဆိုတဲ့ သတင်းထွက်တာကို မလိုလားတာကြောင့် ထောင်အာဏာပိုင်တွေက သတင်းတွေဖုံးဖို့ ကြိုးစားလာတယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းဟာ ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ အလားတူ အိုးဘိုထောင်မှာပဲ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီလည်း ထောင်တွင်း ဆေးဝါးလုံလောက်စွာ ကုသခွင့်မရလို့ သေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
အလားတူ သာယာဝတီထောင်၊ ဒိုက်ဦးထောင်းနဲ့ ယင်းမာပင်မြို့မရဲစခန်း အချုပ်မှာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးစီ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုမရဘဲ သေဆုံးကြောင်း ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
နောက်ထပ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေသေဆုံးတာတွေ ထပ်မဖြစ်ဖို့အတွက် ထောင်တွင်း ဆေးဝါးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ထောင်တွင်း ဆရာဝန်တွေအမြဲထားပေးဖို့၊ အကျဉ်းသားတွေလိုအပ်ရင် ပြင်ပဆေးကုသခွင့်ပေးဖို့၊ ထောင်တွင်းအဟာရပြည့်တဲ့ အစားအသောက်ကျွေးဖို့နဲ့ မိသားစုကပေးတဲ့ ဆေးဝါးတွေလက်ခံပေးဖို့ စတာတွေ ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။