လုံလောက်တဲ့ဆေးကုသမှုမရလို့ နိုင်ငံရေးအကျဉ်းသားတွေ မကြာခဏ သေဆုံးနေ

RFA Burmese
2025.02.07
လုံလောက်တဲ့ဆေးကုသမှုမရလို့ နိုင်ငံရေးအကျဉ်းသားတွေ မကြာခဏ သေဆုံးနေ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသားများအား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်

စစ်ကောင်စီရဲ့ နှိပ်စက်မှုကြောင့် ထောင်ထဲမှာ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အတွက် ကျန်ရစ်သူမိသားစုအနေနဲ့ ဖြေဆည်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒေါ်မိမိ လို့ အမည်လွှဲထားတဲ့ အမျိုးသမီးကလည်း ထောင်ချခံထားရတဲ့မိသားစုဝင်ကို မရှိရှိတာရောင်းချပြီး ထောင်ဝင်စာတွေ့ ဆေးဖိုးတွေသုံးခဲ့ပေမဲ့ ထောင်ထဲက လူလည်းဆုံး၊ သူတို့လည်း နေစရာပျောက်ဆုံးခဲ့ရပါတယ်။

“အရမ်းခံစားရတာပေါ့ သူ့ ကိုဆေးကုလိုက်တော့လည်း ကိုယ်မှာက အကုန်လုံး ရှိတဲ့ခြံလေးတောင် ရောင်းပြီးတော့ သူ့ဆီလိုက်။ သူ့ကိုကု။ နောက်ကျန်တဲ့ကလေးတွေလည်းလိုက် အန်တီ့မှာ နေစရာတောင် မရှိတော့ဘူး။ အဲဒါကတော့ ခံစားရတာပေါ့”

စစ်ကောင်စီရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ဆေးရုံပေါ်မှာ ဆယ်ရက်လောက် နာကျင်ခံစားရပြီး သေဆုံးသွားတဲ့ သူ့မိသားစုဝင်အကြောင်းကို တစ်နေ့မှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမယ် ဆိုတဲ့စိတ်နဲ့ပဲ နှစ်သိမ့်နေရတယ်လို့ သူက ပြောပါတယ်။

“ထောင်ဆေးရုံတွေဟာ ကျွန်တော်တို့ကျန်းမာရေးမကောင်းတဲ့သူတွေကို ထားရမဲ့အစားပေါ့နော်၊ ငွေကြေးတတ်နိုင်သူတွေကို နေရာရောင်းချမှု ဖြစ်စဉ်တွေ ရှိနေပါတယ်"

စစ်ကောင်စီအာဏာသိမ်းထားတဲ့ လေးနှစ်မှာ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော်ရှိနေပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် မထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးမကောင်း တဲ့အခါမှာ ဆေးကောင်းကောင်းမွန်မွန် ကုမပေးတဲ့အတွက် အသက်ဆုံးရှုံးရတဲ့ သူ အယောက် ခြောက်ဆယ် ကျော်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေက ရည်ရွယ်ချက်နဲ့ ဖိနှိပ်နေတာလို့ AAPP တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ ကိုအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့အတွက်ကြောင့်ကို တမင်သက်သက် ရည်ရွယ်ပြီးတော့ကို ဖိနှိပ်တာတွေ၊ မတရားအနိုင်ကျင့်တာတွေ ပြီးတော့ ဒီအကျဉ်းထောင်ဝန်ထမ်းတွေက မတရားဖိနှိပ်ညှဉ်းပန်းနှိပ်စက် နေတာတွေတင် မဟုတ်ဘဲနဲ့ သာမန် ရာဇဝတ် အကျဉ်းသားတွေနဲ့ပါ ရန်တိုက်ပေးပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ မတရားပြုကျင့်နေတဲ့ကိစ္စတွေက တစ်နေရာတည်းမှာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအနှံ့မှာ ဒီရှိနေတဲ့ အကျဉ်းထောင်အားလုံးနီးပါးမှာ ဖြစ်နေတဲ့ကိစ္စပေါ့နော်”


ဆက်နွှယ်သောသတင်းများ

၂၀၂၄ ခုနှစ်မှာ နိုင်ငံတစ်ဝန်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံး

လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး စစ်ကောင်စီကိုဖိအားပေးဖို့ AAPP တောင်းဆို


ထောင်အာဏာပိုင်တွေဟာ သူတို့ကိုယ်တိုင်လည်း ဆေးကောင်းကောင်းကုမပေးသလို၊ နိုင်ငံရေးအကျဉ်းသားအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အစာအာဟာရတွေကို မိသားစုကပေးတဲ့အခါလည်း အကန့် အသတ်တွေနဲ့ ဖြတ်တောက်နေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေသေဆုံးမှုဟာ ၂၀၂၃ ခုနှစ်က အနည်းဆုံး အယောက် ၂၀ ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာတော့ ၃၄ ဦးနဲ့ အခု ၂၀၂၅ နှစ်စမှာ ၂ ဦးရှိပြီလို့ AAPP အသင်းလို နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အများဆုံးခံစားနေရတဲ့ ရောဂါတွေကတော့ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနဲ့ သွေးလေးဘက်နာရောဂါတို့ဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သူတို့ကို ထောင်ထဲကဆေးရုံတွေမှာကုဖို့ မလုံလောက်တဲ့အခါ ပြင်ပဆေးရုံတွေကိုပို့ရမှာဖြစ်ပေမဲ့ နောက်ဆုံးအချိန်မှ လွှဲပေးတာမျိုးလုပ်သလို၊ ထောင်ဆရာဝန်တွေ၊ ဆေးမှူးတွေက ဆေးမှားပေးတာတွေ၊ ရမ်းကုတာတွေရှိနေတယ်လို့ ပြောကြပါတယ်။

အဲဒီအပြင် ထောင်ထဲမှာ လာဘ်စားမှုကလည်း ကြီးထွားနေပါတယ်။ အဆောင်တွေ၊ တိုက်ခန်းတွေမှာ နေရတာထက် ထောင်ဆေးရုံမှာနေရတာက အနေချောင်တဲ့အတွက် လစဉ်ကြေးပေးပြီး နေကြတဲ့သူတွေ တော်တော်များများရှိနေပါတယ်။ ဒါကြောင့် တကယ်မကျန်းမာတဲ့သူအတွက် ထောင်ဆေးရုံမှာ နေရာမရှိတတ်ဘူးလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ထောင်ဆေးရုံတွေဟာ ကျွန်တော်တို့ကျန်းမာရေးမကောင်းတဲ့သူတွေကို ထားရမဲ့အစားပေါ့နော်၊ ငွေကြေးတတ်နိုင်သူတွေကို နေရာရောင်းချမှု ဖြစ်စဉ်တွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ သာယာဝတီလိုမျိုး၊ အင်းစိန်ဗဟိုအကျဉ်းထောင်လိုမျိုး၊ မန္တလေးအိုးဘို အကျဉ်းထောင်လိုမျိုးမှာ ရှိတဲ့ ထောင်ဆေးရုံတွေဟာ ငွေကြေးတတ်နိုင်သူတွေ လက်ရှိနေထိုင်ရတဲ့ နေရာတွေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အရေးပေါ် ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသမှုလိုအပ်နေသူတွေဟာ ဒီဆေးရုံခုတင်ပြည့်နေတဲ့အတွက် ရောဂါရှိတဲ့သူတွေဟာ အဲဒီဆေးရုံတွေမှာ နေထိုင်ခွင့်မရတာ၊ ဆေးဝါးကုသခွင့် မရတာတွေလည်း လက်ရှိမှာ ရင်ဆိုင်နေကြရပါတယ်”

အိုးဘိုထောင်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပြီး ဆေးကုသမှု အလုံအလောက်မရမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအား တွေ့ရစဉ်။ (Photo: Political Prisoners Network - Myanmar)
အိုးဘိုထောင်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပြီး ဆေးကုသမှု အလုံအလောက်မရမှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအား တွေ့ရစဉ်။ (Photo: Political Prisoners Network - Myanmar)

ဒါ့အပြင် စရဖနဲ့ အကျဉ်းဦးစီးဌာနကလည်း အကျဉ်းထောင်လက်စွဲနဲ့ ဥပဒေကို လျစ်လျူရှုပြီး ဖိနှိပ်အုပ်ချုပ် နေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် က ပြောပါတယ်။

“ထောင်အသီးသီးမှာရှိနေတဲ့ နိုင်/ကျဉ်းတွေရဲ့ အခြေအနေဟာ သာမာန်အချိန်မှာတောင်မှ အသက်ရှူကျပ်နေအောင် တမင်လုပ်ကြံဖန်တီးထားတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး ဖိနှိပ်မှုတွေများလာတဲ့အခါကျတော့ အသက်ရှူရပ်အောင်ကို သူတို့ပြုမူဆောင်ရွက်နေတယ်လို့ သုံးသပ်ပြောဆိုချင်ပါတယ်ဗျာ”

အကျဉ်းထောင်တွေအတွက် အကျဉ်းထောင်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေနဲ့ အကျဉ်းသားများ ဥပဒေဆိုပြီး ဥပဒေသုံးခုပြည့်ပြည့်စုံစုံပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ပဲ လုပ်ကိုင်နေတာတွေဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ အမည်မဖော်လိုတဲ့ ရှေ့နေက ထောက်ပြပါတယ်။

“အကျဉ်းထောင် ဒီဥပဒေ အက်ဥပဒေနဲ့ နည်းဥပဒေသည် အင်မတန်အသေးစိတ်ပါတယ်။ တော်တော့်ကို အသေးစိတ်ပြီး ထပ်ပြီးဖြည့်စရာပြင်စရာမလိုလောက်အောင်ရှိနေတဲ့အတွက် အခုအဲဒါတွေကို ခုနကလို ဘေးချထားပြီးတော့မှ အမိန့်ညွှန်ကြားချက်နဲ့လုပ်နေတာသည် တကယ်တမ်း ဥပဒေ အမြင်အရပြောရင် ဒါဥပဒေနဲ့ အညီမဟုတ်ဘူးလို့ ကျွန်တော်တို့ပြောရမယ်”

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့်အပ်တာဝန်ပေးထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကိုရော အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကိုပါ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

လက်ရှိပြည်တွင်းအခြေအနေအရ ထောင်အာဏာပိုင်တွေကို အရေးမယူနိုင်ပေမဲ့ သူတို့ရဲ့ချိုးဖောက်မှု တွေကို ခိုင်လုံတဲ့အထောက်အထားနဲ့ လူသားမျိုးနွယ်ကို ထိပါးစေတဲ့ ရာဇဝတ်ပြစ်မှုအဖြစ် နိုင်ငံတကာ တရားရေးအဖွဲ့အစည်းတစ်ခုခုမှာ ပြင်ပအဖွဲ့အစည်းတွေက တရားစွဲနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။