လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ဖို့ ဗြိတိန် ထပ်မံပြောဆို

RFA Burmese
2025.03.03
လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ဖို့ ဗြိတိန် ထပ်မံပြောဆို လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲဆေးရုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
ရွှေဖီမြေသတင်းဌာန

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ အထူးသဖြင့် လေကြောင်းကနေ တိုက်ခိုက်တာတွေရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ဖို့ ဗြိတိန်အစိုးရက ဒီနေ့ထပ်ပြီး တောင်းဆို လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပနေတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders က ပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်ကျော်လာပြီး ပဋိပက္ခတွေလည်း ပိုပြင်းထန်နေတယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာလည်း ပိုပြီးများလာတယ်လို့ ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် မြန်မာ စစ်တပ်အနေနဲ့ အရပ်သားတွေကို ဦးစားပေး ကာကွယ်ရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ သန်း ၂၀ နီးပါး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေပြီး၊ အဖွဲ့အားလုံး၊ အထူးသဖြင့် မြန်မာစစ်တပ်ဟာ သူတို့ကို ကူညီခွင့်တွေ ပေးရမယ်လို့လည်း ပြောပါတယ်။ ဗြိတိန်အနေနဲ့ ဒီနှစ်ထဲမှာ ပေါင် ၆၆ သန်း ကူညီထားတယ်လို့လည်း ဆိုပါတယ်။

တာဝန်ခံမှုရှိဖို့ကိစ္စဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူတွေ အရေးယူမခံရဘဲ ပြစ်မှုဘေးကလွတ်နေတာကို ကျွန်မတို့အနေနဲ့ အဆုံးသတ်ပစ်ရမယ်လို့လည်း ဗြိတိန်ကိုယ်စားလှယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။