မြစ်ကြီးနားဆန္ဒပြပွဲ ဖမ်းခံရသူတွေရဲ့ ဖုန်းမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ ရှာဖွေ

မတ်လ ၈ ရက်နေ့ မနေ့က မြစ်ကြီးနားမြို့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရသူ ၉၁ ဦးထဲက ၁၉ ဦးကို မနေ့ညက ပြန်လွှတ်ပေးခဲ့ပြီး ပြန်မလွှတ်သေးသူတွေရဲ့ ဖုန်းတွေမှာ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ လှုံ့ဆော်တာတွေ ရှိ၊မရှိ စစ်ဆေးနေပါတယ်။
အဖမ်းခံရသူတွေထဲက ၁၈ နှစ်အောက်ကလေးတွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့သူတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
ကျန်ရှိနေတဲ့သူတွေရဲ့ဖုန်းတွေထဲမှာ ဆန္ဒပြပွဲမှာ လူစုဖို့ လှုံ့ဆော်မှုတွေ ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တွေ့ရှိမယ်ဆိုရင် အမှုဖွင့် အရေးယူနိုင်ဖွယ်ရှိတယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာ ကပြောပါတယ်။
PCG က အားလုံးကိုပြန်လွတ်ပေးဖို့ တောင်းဆိုပြီး ဆက်လက်ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
မနေ့က ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေရှိသလို သေနတ်ထိမှန်လို့ နှစ်ဦး သေဆုံးသွားပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။