မြင်းခြံမှာ လူငယ်တစ်ဦး ဖမ်းဆီးခံရ
မန္တလေးတိုင်း မြင်းခြံမြို့က အသက် ၂၅ နှစ်အရွယ် ကိုခန့်သော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၈ ရက် မနေ့ည ၈ နာရီခန့်မှာ ဖမ်းဆီးထားတယ်လို့ ကိုခန့်သော်ရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရတဲ့ ကိုခန့်သော်ရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။
"မနေ့က ညတုန်းက PDF အဖွဲ့အစည်းက ကလေးတစ်ယောက်က ဗုံးကိုစမ်းရင်း ဆုံးသွားတဲ့ကလေးက သူနဲ့ သူငယ်ချင်းပေါ့။ အဲဒီမှာ သူ့မိသားစုဝင်တွေကို ခေါပြီးမေးတော့ အပေါင်းအသင်းတွေဆိုပြီး ကျွန်တော့်ညီနာမည် ပါသွားတာပေါ့"
မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို မနေ့ညနေက ရဲတွေ ပထမဆုံး လာရောက်ရှာဖွေခဲ့တယ် လို့လည်း ဆိုပါတယ်။
ကိုခန့်သော်ကတော့ အိမ်ပေါ်ကဆင်းသွားတာ နှစ်လကြာပြီဖြစ်တာကြောင့် ရဲတွေလာရှာတဲ့အချိန်မှာ မတွေ့ ခဲ့ပေမယ့် အိမ်မှာရှိနေတဲ့ ကိုခန့်သော်ရဲ့ ညီမဖြစ်သူနဲ့ အဖေဖြစ်သူတို့ရဲ့ဖုန်းကို သိမ်းဆည်းသွားတယ်လို့ လည်း သူကပြောပြပါတယ်။
ဒါ့အပြင် စစ်ဆေးဖို့ရှိတယ်ဆိုပြီး ညီမနဲ့ အမေဖြစ်သူကိုပါ ရဲစခန်းကို ခေါ်သွားခဲ့ပြီးနောက် ည ၇ နာရီကျော်မှာ တော့ ကိုခန့်သော်ရဲ့ အမျိုးသမီးအိမ်ကိုသွားပြီး အမျိုးသမီးကိုပါ ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေ ဖမ်းဆီးခံထားရတာကြောင့် ကိုခန့်သော်က ည ၈ နာရီခန့်မှာ မြင်းခြံမြို့ပေါ်က ရဲစခန်းကို လိုက်လာပြီး အဖမ်းခံခဲ့တာလို့လည်း သိရပါတယ်။
ကိုခန့်သော် လာရောက်အဖမ်းခံခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ အမေ၊ ညီမနဲ့ အမျိုးသမီးကို ရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုခန့်သော်ရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။
ကိုခန့်သော်ကို အခုလက်ရှိမှာ မြင်းခြံမြို့ပေါ်က အမှတ် ၂ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။