ဖြူးမြို့နယ်က ရေဘေးသင့်ရွာတွေ တိုက်ခိုက်ခံရပြီး နှစ်ဦးဒဏ်ရာရ
2024.09.24

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ နတ်လောင်းရွာနဲ့ လေးအိမ်စုရွာတွေကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် မနေ့က နတ်လောင်းရွာအနီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ကျောက်တံခါးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စစ်ကြောင်းက စက်သေနတ်နဲ့ပစ်ခတ်တာကြောင့် နတ်လောင်းရွာသား အသက် ၂၉ နှစ်အရွယ် ကိုကျော်ဇင်ဖြိုးဆိုသူ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ကာကွယ်ရေးအဖွဲ့တွေ ရေဘေးကူညီရေး လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီဘက်တွေကို အမြဲတမ်း ဒရုန်းနဲ့ ဗုံးချတယ်။ အဲဒီလိုမျိုး သေနတ်နဲ့ လာလာပြီးလည်း ပစ်တယ်။ အခုက တော်လှန်ရေးအဖွဲ့တွေကနေ ရေဘေးကူလာတဲ့အဖွဲ့တွေလည်းရှိတော့ အဲဒါကို လာပစ်တာနေမှာပေါ့”
စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ် လေးအိမ်စုရွာကို ကာကွယ်ရေးအဖွဲ့တွေ ရေဘေးကူညီတာတွေ လုပ်နေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အမျိုးသားတစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ပဲခူးတိုင်း ဖြူးမြို့နယ်က ရေဘေးသင့်သူတွေအတွက် လာရောက်ကူညီပေးနေသူတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဆန်နဲ့ဆေးဝါးတွေကို သယ်ယူခွင့်မပေးဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်နဲ့ ညောင်လေးပင် ခရိုင်အတွင်းက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက လူသုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ KNU က စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။