အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် အသက်ကန့်သတ်ချက်နဲ့ ပြန်ခွင့်ပြု
2024.05.07

ယာယီပိတ်ထားတဲ့ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၆ ရက်နေ့မှာ စစ်ကောင်စီဘက်က ပြန်လည်ခွင့်ပြုလိုက်ပေမယ့် အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြားတွေမပါဝင်ဘဲ အသက်ကန့်သတ်လိုက်တယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
မေလ ၁ ရက်နေ့ကစပြီး ပြည်ပထွက် အလုပ်လုပ်ခွင့်အတွက် အမျိုးသမီးတွေကိုသာ ခွင့်ပြုတော့မယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက RFA ကို မေလ ၂ နေ့မှာ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ မေလ ၆ ရက်နေ့ကစပြီး အသက် ၂၃ နှစ်အောက်နဲ့ ၃၁ နှစ်အထက် အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်ပြုချက်ရကြောင်း စာရရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ထိုင်းနိုင်ငံကို အလုပ်သမားပို့ဖို့အတွက် အလုပ်ခေါ်စာစာရင်းတွေ အလုပ်သမားဝန်ကြီးဌာနကို ပို့လိုက်တာ၊ သူတို့ဆီက စာပြန်လာတယ်၊ အမျိုးသားတွေကိုလည်း လက်ခံမယ်၊ ဒါပေမဲ့ အသက်၂၃ နှစ်အောက်နဲ့ ၃၁ နှစ်အထက် အလုပ်သမားတွေကိုပဲ ခွင့်ပြုမယ်တဲ့”
ထိုင်းနိုင်ငံအပါအဝင် ဂျပန်၊ စင်ကာပူစတဲ့နိုင်ငံတွေရဲ့ ကုမ္ပဏီတွေဘက်က အမျိုးသားတွေကို အသက် ၂၀ ကနေ ၃၅ နှစ်အတွင်းပဲ အဓိကထား ခေါ်နေကြတာကြောင့် စစ်ကောင်စီရဲ့ အသက်ကန့်သတ်ချက်ဟာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် လက်မခံသေးဘူးဆိုတဲ့အပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အသက်အရွယ်ကောင်း အမျိုးသားတွေကိုပဲ ပစ်မှတ်ထားပြီး ပိတ်ပင်လိုက်တာဟာ စစ်မှုထမ်းသင်တန်းမှာ လူလိုနေတာကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီကာလမှာ အရွယ်ရောက်တဲ့အမျိုးသားတွေ ပြည်ပထွက်ခွင့် မပေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ ဒီလို လုပ်လိုက်တဲ့ဟာက စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်တဲ့အခါမှာ အခက်အခဲရှိနေလို့ အကျပ်အတည်းရိုက်နေလို့ ဒီလိုလုပ်တာလို့ သုံးသပ်ပါတယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၃) မှာ လူတိုင်း မိမိနိုင်ငံနယ်နိမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိမိနေထိုင်ရာ တိုင်းပြည်မှဖြစ်စေ၊ အခြားတိုင်းပြည်တစ်ခုခုမှဖြစ်စေ လွတ်လပ်စွာ ထွက်ခွာခွင့်၊ ပြန်လာခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။