စစ်ကောင်စီရဲ့ UEC အစည်းအဝေးကို မတက်လိုတာကြောင့် ပြည်သူ့ပါတီဝင်တွေ နုတ်ထွက်

2021.05.18
စစ်ကောင်စီရဲ့ UEC အစည်းအဝေးကို မတက်လိုတာကြောင့် ပြည်သူ့ပါတီဝင်တွေ နုတ်ထွက် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ အဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ပြည်သူ့ပါတီ

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးမှ စစ်ကောင်စီကနေ အသစ်ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ကလုပ်တဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့၊ ပြည်သူပါတီ PP ဗဟိုအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာကြောင့်၊ ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့ ပါတီဝင်အတော်များများ မေလ ၁၇ ရက် မနေ့က နုတ်ထွက်လိုက်တယ်လို့ ပါတီဝင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က “ဒီနေ့ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ စီအီးစီအစည်းအဝေးမှာ ပါတီအထွေထွေအတွင်းရေးမှူး အဖြစ်ကနေ နုတ်ထွက်ပြီးဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးအပ်ပါတယ်” ဆိုပြီး မနေ့က အစည်းအဝေးပြီးပြီးချင်းမှာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ အားလုံးကို အသိပေးခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း စည်းဝေးပွဲလုပ်ဖို့ ကော်မရှင်က ပါတီအသီးသီးကို အကြောင်းကြားစာတွေ ဒီလ ၁၀ ရက်နေ့က ပေးပို့ခဲ့ ပါတယ်။

ဒါ့ကြောင့် ပြည်သူ့ပါတီမှာ မနေ့က ဗဟိုအလုပ်မှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ အစည်းအဝေး ဆုံးဖြတ် ချက်အရ “ရွေးကောက်ပွဲကော်မရှင်ကလုပ်တဲ့ အစည်းအဝေးကို တက်ဖို့ ပါတီက ဆုံးဖြတ်ခဲ့တယ်” လို့ ပြည်သူ့ပါတီဝင်တချို့က RFA ကို ပြောပါတယ်။

အစည်းအဝေးလုပ်ပြီး သိပ်မကြာခင်မှာပဲ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး တည်ထောင် ထားတဲ့ ပြည်သူ့ပါတီက ပါတီဝင်အချို့ ပါတီကနေ နုတ်ထွက်တယ်ဆိုတဲ့သတင်းတွေကို သူတို့ရဲ့ လူမှုကွန် ယက်စာမျက်နှာတွေမှာ အသီးသီးတင်ထားတာ တွေ့လာရပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းပေးတဲ့ကော်မရှင်ကို အသိအမှတ်မပြုတဲ့အတွက် ပါတီကနေ နုတ်ထွက်လိုက်တာဖြစ်တယ်” လို့ မန္တလေးတိုင်း ပြည်သူ့ပါတီက ပါတီဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“သဘောထားအရတော့ မတက်ရေးမူကိုပဲ ဆုပ်ကိုင်ထားတယ်။ သူတို့ဖိတ်တာကို ပါတီအနေနဲ့ မတက်စေချင်ဘူး။ တက်ဖို့သဘောထားကျတော့ သဘောမတူတဲ့အတွက် နုတ်ထွက်ရခြင်းဖြစ်တယ်။ နိုင်ငံရေးသဘောတရားအရ တူရင်ဆက်လုပ်ကြ၊ မတူရင်ခွဲထွက်ကြပေါ့ “

ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင် UEC က စစ်တပ်က အာဏာသိမ်းပြီး သုံးပတ်ကျော်အကြာ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ၂၀၂၀ ရွေးကေက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့နဲ့အတူ ပြည်သူ့ပါတီကလည်း UEC ရဲ့ အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

ဒီလိုမတက်ရောက်တာနဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး က “နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုအပေါ်မှာ အဓိကမှီတည်တာဖြစ်ပြီး၊ ၂၀၂၀ မှာ ဝင်ပြိုင်ခဲ့လို့ ရွေးကောက်ပွဲ ရလဒ်တွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ မဆောင်ရွက်သေးပဲ၊ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားလို့ မတက်ရောက်နိုင်တာ” လို့ DVB နဲ့ မေးမြန်းချက်မှာ ဖြေကြားခဲ့ဖူးပါတယ်။

ပထမကြိမ် တွေ့ဆုံပွဲဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ဆုံပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ပါတီပေါင်း ၉၁ ခုမှာ ၅၃ ခု တက်ရောက်ပြီး၊ ပါတီ ၃၈ ခုက မတက်ရောက်ပဲ သပိတ်မှောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Paaw Shwepah
2021-05-18 12:54

အစည်းဝေးတက်တဲ့ပါတီအားလုံး အမည်တွေကို ဖေါ်ပြပေးပါ
နောက်နောင်အတွက် သိမ်းထားချင်တယ်၊ ပါတီ တွေရဲ့အမည်
တွေကို လည်း အကြီမ်ကြီမ်ဖေါ်ပြပေးပါ။

Anonymous
2021-05-19 03:10

Ko Ko Gyi will be in in the dustbin of history.