ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

2012.08.13
peace-talk-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆွေနွေးပွဲ ကျင်းပနေစဉ်။
RFA

သမ္မတ ဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ဆုံးဖြတ်ထားပြီး (၂၀၁၅) ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခု ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာအီးဂရက်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်အစိုးရလည်း မဟုတ်ဘူး။ အစိုးရတစ်ဖွဲ့လုံးကို ကျွန်တော်ကိုယ်စား မပြုဘူး။ ဒါပေမဲ့ ကျွန်တော်သိတဲ့ လူ ၃ ယောက်ကို ကျွန်တော်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ၃ ယောက်ကတော့ ကျွန်တော်တို့နဲ့ သေချာ နားလည်မှု ရှိပါတယ်။ အဲဒီနားလည်မှုက ဘာလဲဆိုတော့ အစိုးရအဖွဲ့မှာ ဒီနိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာ သူတို့ပြောထားတဲ့ principle လေးတွေကလွှဲလို့ ကျန်တဲ့ဟာ precondition ဘာမှမရှိပါဘူး။ Political Dialogue က open ပါ။ အဲတော့ ဘယ်လောက်ကြာမလဲ မေးရင် ကျွန်တော်အဲဒီ မေးခွန်းဖြေရရင် တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ယူသလောက် ကြာပါမယ်။ ဒါပေမဲ့တော့ ဘာလဲဆိုတော့၊ နောက်ဆုံးအဆင့် တစ်ခုအနေနဲ့ကတော့ ၂၀၁၅ ဒီအစိုးရ သက်တမ်းမကုန်ခင်မှာ အဖြေတစ်ခု ထုတ်ဖို့တော့ လိုတယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"

ဒီကနေ့အခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့အခမ်းအနား စီစဉ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က RFA ကိုပြောပါတယ်။

"သူတို့ဆီ ဒီလူ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ တစ်ဖက်တလမ်းကနေ လုပ်ဆောင် နေကြပါတယ်။ အဲတော့ အခု အခြေအနေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းကြောင့်လည်း လမ်းစပိုပြီးတော့ ပွင့်လာတာပေါ့လေ။ အဲတာကြောင့် ဒီလူမှု အဖွဲ့အစည်းတွေ အနေနဲ့လည်း ဘယ်လို ပါဝင်လုပ်ဆောင်ရမလဲ ဆိုတဲ့ဟာကို ဝိုင်းပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီနေ့ပွဲဟာ ဆိုလို့ရှိရင် ကချင် ငြိမ်းချမ်းရေး အတွက်လည်း ပါသလို တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း ဦးတည်ပါတယ်"

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး ဒုတိယ အကြီးအကဲ Mr. Arne Jan Flolo၊ Transnational Institute က Mr.Tom Kramer ၊ မြန်မာအီးဂရက် ဥက္ကဋ္ဌ ဦးတင်မောင်သန်း စတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသား အဖွဲ့အစည်း (၅၇) ဖွဲ့က ကိုယ်စားလှယ်တွေ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ် (၂၀၀) လောက်တက် ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။