တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီ ယာယီအပစ်ရပ်ဖို့သဘောတူခဲ့ကြောင်း တရုတ်ပြော

RFA Burmese
2023.12.14
တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီ ယာယီအပစ်ရပ်ဖို့သဘောတူခဲ့ကြောင်း တရုတ်ပြော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
AFP

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေကနေ ယာယီအပစ်ရပ်စဲဖို့နဲ့ ဆက်လက်တွေ့ဆုံကြဖို့ သဘောတူခဲ့တယ်လို့ တရုတ်အစိုးရက ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိမိတို့ ကမကထပြုပြီး တရုတ်မှာကျင်းပခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာပါရှိပေမဲ့ အသေးစိတ်အချက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ အခုရရှိခဲ့တဲ့သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်ပြီး အတတ်နိုင်ဆုံး သည်းခံကာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပိုမိုဆိုးဝါးခြင်းမရှိဘဲ လျော့နည်းသွားအောင် စတင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Mao Ning က- "သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား စစ်ပွဲကိုရပ်စဲပြီး ဆွေးနွေးကြဖို့အတွက် မိမိတို့တရုတ်ပြည်က မရပ်မနား ကြိုးစားနေကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ အခုလျော့နည်းနေပါတယ်။ ဒါဟာ သက်ဆိုင်ရာအဖွဲ့တွေအတွက် အကျိုးဖြစ်ထွန်းစေရုံမျှသာမက တရုတ်မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်လို့" ပြောပါတယ်။

အခုလို တရုတ်အစိုးရကပြောပေမဲ့ ညီနောင်သုံးဖွဲ့ရဲ့ကြေညာချက်မှာတော့ စစ်ကောင်စီနဲ့ သူတို့အဖွဲ့တွေအကြား တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိကြဖို့ ဖော်ပြထးပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို မျိုးဆက်များစွာခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေကို မိမိတို့ ဘယ်တော့မှ လျစ်လျှူရှုမှာ မဟုတ်သလို နောက်ကြောင်းပြန်လည့်မှာလည်း မဟုတ်ကြောင်းနဲ့ ဘုံရည်မှန်းချက်အားလုံး ပြည့်စုံတဲ့အထိ လုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။