သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်
2024.06.27

သမ္မတဟောင်း ဦးသိန်းစိန်ဟာ အခမ်းအနားတစ်ခုကို တက်ဖို့ ဇွန်လ ၂၇ ရက်မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်မှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇွန်လ ၂၈ ရက်မှာပြုလုပ်မဲ့ ဒီအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖိန်အပြင် ဝန်ကြီးချုပ် လီချန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇွန် ၂၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း ဒီအခမ်းအနားကိုတက်ရောက်မှာ ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပေးခဲ့သူအဖြစ် နာမည်ကောင်းရှိတာနဲ့ စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံရေးအပြောင်းအလဲအတွက် ဖျောင်းဖျပြောဆိုနိုင် တယ်လို့ ယူဆတာကြောင့် တရုတ်က အခုလိုဖိတ်ခေါ်တာဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“မြန်မာပြည်သူတွေက ဦးသိန်းစိန်အပေါ်မှာတော့ တချို့ပေါ့နော် ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရကို လွှဲပေးခဲ့သူ တစ်ယောက်အနေနဲ့ စစ်ကောင်စီက အခုနောက်ပိုင်းလူတွေနဲ့စာရင် နည်းနည်းအမြင်ကောင်းနိုင်မယ် ထင်လို့လည်းပါမယ်။ နောက်တစ်ခုက မင်းအောင်လှိုင်ကို နည်းနည်းပြောနိုင် ဆိုနိုင်မလားလို့ ဦးသိန်းစိန်ကို တရုတ်က ချဉ်းကပ်တာလား မသိဘူး။ တရုတ်က တချို့သံတမန်တွေသွားရင်လည်း ဦးသန်းရွှေတွေ့လိုက်၊ ဦးသိန်းစိန်တွေ့လိုက် လုပ်နေတာပဲလေ”
ဒီမတိုင်ခင် ဇွန်လ ၂၆ ရက်မနေ့က တရုတ်သံအမတ် Mr. Chen Hai က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ပြောဆိုခဲ့ကြတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။