အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝမ်ယိ တွေ့ဆုံမည်

2024.08.14
အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝမ်ယိ တွေ့ဆုံမည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။
Ministry of Foreign Affairs Myanmar

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ပါ တွေ့ဆုံဖို့ ရှိနေတယ်လို့ နေပြည်တော် မှာရှိတဲ့ RFA ရဲ့ သတင်းအရင်းအမြစ်တွေက အတည်ပြု ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက် နေ့လယ်မှာ နေပြည်တော်လေဆိပ်ကို မစ္စတာဝမ်ယိ ရောက်လာမှာဖြစ်တာကြောင့် လုံခြုံရေးတွေ တိုးမြှင့်ထားသလို ပြည်တွင်းလေယာဉ် ခရီးစဉ်တွေလည်း ဒီနေ့ ရပ်နားထားတယ်လို့ ဆိုပါတယ်။

မစ္စတာဝမ်ယိ သွားရောက်တွေ့ဆုံမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ နေထိုင်တဲ့ ခြောက်လုံးတန်းအိမ်ရာမှာလည်း ပုံမှန်ထက် လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ နေပြည်တော်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ခြောက်လုံးတန်းဘက်တော့ ဒီနေ့ ထူးခြားနေတယ်။ လုံခြုံရေးတွေများတာ တွေ့ရတယ်။ ပုံမှန်ဖြတ်နေကျ အဲဒီအိမ်ရာဘေးက လမ်းမကို မဖြတ်သန်းရဆိုပြီး တားထားတာ တွေ့တယ်"

ပြီးခဲ့တဲ့ ဇွန်လတုန်းက သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့က နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါသေးတယ်။

မစ္စတာ ဝမ်ယိဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သူ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လက မြန်မာမှာ လက်ခံကျင်းပတဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အခုတစ်ကြိမ်ဟာ ဒုတိယမြောက် ခရီးစဉ်ပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေဘောင်အတွင်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးမဲ့အကြောင်း ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ မီဒီယာတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်မှာတွေ့ဆုံဖို့ရှိနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း ဩဂုတ်လ ၁၃ ရက် မနေ့ညပိုင်းမှာ ဖော်ပြကြပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံမဲ့အခြေအနေကိုတော့ ပြောခဲ့တာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။