ပေါက်ခေါင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ သတ်ဖြတ်ခံရ
2024.04.03

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးတင်ထွေးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီးဟောင်း ကိုကျော်သူစိုးတို့ သတ်ဖြတ်ခံခဲ့ရတာပါ။
စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံစုဆောင်းပေးနေတယ်လို့ သတင်းရတာကြောင့် စစ်ဆေးမေးမြန်းဖို့ဖမ်းခေါ်လာစဉ် ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်လိုက်တာလို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မတ်လ ၂၁ ရက်နေ့ကလည်း ပဲခူးတိုင်း သဲကုန်းမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး စစ်မှုထမ်းစာရင်းကောက်ယူနေချိန် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဧပြီ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။