ပုသိမ်မှာ အရပ်သားတစ်ဦး အဖမ်းခံရပြီး နာရီပိုင်းအတွင်း သေဆုံး
2023.07.04

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးနေမျိုးထက်ကို ဇူလိုင် ၂ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားပြီး နာရီပိုင်းအတွင်းမှာပဲ ရိုက်နှက် စစ်ဆေးခံရလို့ သေဆုံးသွားတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
အမှတ် (၈) ရပ်ကွက်ထဲမှာ ဦးနေမျိုးထက် စီးလာတဲ့ ဆိုင်ကယ်နဲ့ စက်ဘီးတစ်စီး တိုက်မိခဲ့ပြီး စက်ဘီးစီးသူက မကျေနပ်လို့ ရပ်ကွက်ရုံးကို သွားတိုင်တဲ့အခါ ရပ်ကွက်ရုံးအုပ်ချုပ်ရေးမှူးက စစ်တပ်လက်ထဲ အပ်လိုက်တာပါ။
စစ်တပ်က ရိုက်နှက်စစ်ဆေးရင်း လက်လွန်သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ဒီနေ့မွန်းလွဲပိုင်းက ပြောပါတယ်။
“ဆိုင်ကယ်နဲ့ စက်ဘီးနဲ့ တိုက်တယ်။ စက်ဘီးသမားက မကျေလည်လို့ ဆိုပြီးတော့ (၈) ရပ်ကွက်ရုံးကို သွားပြီးတော့ တိုင်တယ်။ (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒါကို တာဝန်ခံပြီး မဖြေရှင်းပေးဘဲနဲ့ အဲဒီနားက ဘုရားဝန်းထဲမှာ တပ်စွဲနေတဲ့ စစ်တပ်ကို လွှဲလိုက်တာ။ စစ်တပ်လက်ထဲရောက်သွားတော့ လက်လွန်သွားတာပေါ့။ ပြီးမှ မိသားစုတွေကို သေပြီဆိုပြီး အကြောင်းကြားလိုက်တာ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကြောရေးမှာဖြစ်စေ၊ ထောင်အတွင်းမှာဖြစ်စေ၊ စစ်တန်းလျားမှာ ဖြစ်စေ၊ ပြင်ပတစ်နေရာမှာဖြစ်စေ ဖမ်းဆီးခံထားရစဉ် ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးခဲ့သူ ၁၂၈၄ ဦး ရှိနေပါပြီ။