ဂျပန်မှ ဖွံ့ဖြိုးရေးချေးငွေ ဒေါ်လာသန်း ၆၀၀ ယူမည်
2014.01.28

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ JICA ကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီချေးငွေ ODA Loan ဂျပန်ယန်း ၆၃ ဒသမ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့်) ကို ချေးယူဖို့ သဘောတူကြောင်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပါတယ်။
ယန်းငွေ ၆၃.၂ ဘီလီယံ ချေးယူဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ သဘောတူခဲ့တာဖြစ်ကြောင်း ချေးငွေအသုံးပြုမယ့် ဖွံ့ဖြိုးရေး စီမံကိန်း ၄ ခုကိုတော့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို တင်ပြခဲ့ပါတယ်။
“ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြင့်တင်ရေးစီမံကိန်း ချေးငွေပမာဏ စုစုပေါင်း ဂျပန်ယန်း ၁ဝ ဘီလီယံ၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေးစီမံကိန်း ချေးငွေပမာဏ ဂျပန်ယန်း ၂၃.၇ ဘီလီယံ၊ သီလဝါဆိပ်ကမ်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးစီမံကိန်း အဆင့် ၂ ဂျပန်ချေးငွေပမာဏ ဂျပန်ယန်း ၄.၆ ဘီလီယံ၊ ပဲခူးနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးရေးစီမံကိန်း ချေးငွေပမာဏ ဂျပန်ယန်း ၁၄.၉ ဘီလီယံ စုစုပေါင်း ၆၃.၂ ဘီလီယံ ဖြစ်ပါတယ်၊ အဆိုပါချေးငွေများ အတွက် ချေးယူရမယ့် သဘောတူညီချက်ကတော့ ဆိုင်းငံ့ကာလ ၁၀နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်၊ စုစုပေါင်းနှစ် ၄၀ ဖြစ်ပြီး၊ အတိုးနှုန်းက တစ်နှစ်ကို ဝ.ဝ၁ ရာခိုင်နှုန်းဖြစ်ပါတယ်”
မြန်မာနိုင်ငံကို အဲဒီ ချေးငွေပေးအပ်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe တို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က ဖွံ့ဖြိုးမှု အကူအညီချေးငွေ ODA Loan ဂျပန် ယန်း ၆၃ ဒသမ ၂ ဘီလီယံဟာ ဆိုင်းငံ့ကာလ ၁၀နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ စုစုပေါင်းနှစ် ၄၀ ဖြစ်ပြီး ပြန်ဆပ်ရမယ့် အတိုးနှုန်းက တစ်နှစ်ကို ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ဖြစ်တယ်လို့ သိရပါတယ်။