ပအိုဝ်းဒေသတိုက်ပွဲ လေးလအတွင်း အရပ်သား ၇၅ ဦး သေဆုံး

RFA Burmese
2024.05.28
ပအိုဝ်းဒေသတိုက်ပွဲ လေးလအတွင်း အရပ်သား ၇၅ ဦး သေဆုံး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသည့် ဆီဆိုင်မြို့ခံတချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ မေ ၁၈ ရက်နေ့အထိ တိုက်ပွဲကာလအတွင်း အရပ်သား ၇၅ ဦးသေဆုံးခဲ့ပြီး ၉၉ ဦးဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး PYO က မေ ၂၈ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံး ၇၅ ဦးထဲမှာ လသားအရွယ် ကလေးငယ်တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံးရသူ လူသုံးဆယ်ကျော်ပါဝင်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခံရချိန် သတ်ဖြတ်ခံရသူ ၂၄ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း စစ်ကောင်စီတပ်ကပစ်ခတ်လို့ သေဆုံးရတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ပစ်ခတ်သတ်ဖြတ်ခံရသူတွေအပါအဝင် အခြားအကြောင်းအရာတွေကြောင့် သေဆုံးခဲ့ရသူ ၁၇ ဦးရှိတယ်လို့ PYO ရဲ့စာရင်းမှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူ ၉၉ ဦးထဲမှာတော့ ကလေးငယ် ၁၇ ဦးပါဝင်ပြီး မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် လေးဦးရှိတယ်လို့ ဆိုပါတယ်။

ပအိုဝ်းဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း သုံးထောင်ကျော် (၃၄၅၇ ကြိမ်) ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လေးရာကျော် (၄၆၃ ကြိမ်) ပြုလုပ်ခဲ့တယ်လို့ PYO ရဲ့စာရင်းမှာ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် ခုနစ်ရာနီးပါး (၆၉၄ လုံး) ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဆီဆိုင်မြို့ခံတချို့ကတော့ အခုအရေအတွက်ထက် မြေပြင်မှာသေဆုံးသူက ပိုများနိုင်တယ်လို့ ပြောပါတယ်။

မေ ၂၈ ရက်နေ့ ဒီနေ့အထိ ဆီဆိုင်မြို့နဲ့ ရှမ်း၊ ကယားနယ်စပ်က ရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး လူဦးရေ ခြောက်သောင်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။