ပုလဲမြို့နယ် လုပ်သားရွာက နေအိမ် ငါးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.05.08
ပုလဲမြို့နယ် လုပ်သားရွာက နေအိမ် ငါးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရ ပုလဲမြို့နယ် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လုပ်သားရွာမှာ မေလ ၈ ရက် မနေ့တုန်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ရွာထဲစီးနင်းပြီး နေအိမ် အလုံးငါးဆယ်ခန့် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အထိုင်ချထားတဲ့ အင်မထီးရွာကနေ တစ်မိုင်ခွဲလောက်ဝေးတဲ့ လုပ်သားရွာဘက်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ နှစ်ရာနီးပါးရှိတဲ့ လုပ်သားရွာမှာ နေအိမ် ငါးဆယ်နီးပါးက အားလုံးမီးလောင်ကျွမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲ စီးနင်းတာ အယောက် ငါးဆယ်ခန့်ရှိတယ်။ စစ်တပ်ရော ပျူရော၊ နေအိမ် ငါးဆယ်လောက်က လုံးဝပြာကျသွားတာ။ အခုဒေသခံတွေက ရွာထဲပြန်ဝင်ပြီး အပျက်အစီးတွေ ရှင်းလင်းနေတာပေါ့။ အကုန်လုံးတော့ ရွာမပြန်ကြသေးဘူး။ တောထဲနဲ့ နီးစပ်ရာရွာတွေမှာ ရှိနေသေးတယ်”

ဒီမတိုင်ခင်က အင်မထီးရွာကို ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် လုပ်သားရွာထဲ မီးဝင်ရှို့ခဲ့တာလို့ သူက ပြောပါတယ်။

အခုလအတွင်း ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ မရှိသေးသလို နှစ်ဖက်တိုက်ပွဲတွေ ငြိမ်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ကိုးသောင်းနီးပါး (၈၈,၃၇၃) ရှိလာပြီလို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။