ပခုက္ကူမြို့နယ်မှာ စစ်ကြောင်း ဝင်ရောက်ပြီးနောက် နေအိမ် ၁၄၀ ကျော် မီးရှို့ခံရ

RFA Burmese
2025.01.03
ပခုက္ကူမြို့နယ်မှာ စစ်ကြောင်း ဝင်ရောက်ပြီးနောက် နေအိမ် ၁၄၀ ကျော် မီးရှို့ခံရ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့အနီး စဘေကျေးရွာအုပ်စုရှိ မီးရှို့ခံရသော နေအိမ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့အနီးက စဘေကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဇန်နဝါရီ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။

အင်အား နှစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ စဘေကျေးရွာအုပ်စုဝင် ရွာတွေဖြစ်တဲ့ စဘေအရှေ့စုနဲ့ အလယ်စုရွာတွေက နေအိမ် ၁၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မြစ်ခြေမြို့ပေါ်နဲ့ မြို့အနီးအနားက ရွာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကြောင်းက စဘေကျေးရွာအုပ်စုကို ဝင်ရောက်မီးရှို့ခဲ့တာလို့ မြစ်ခြေဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“မီးရှို့လို့ ပါသွားတဲ့အိမ်ခြေက ၁၄၃ အိမ်ပါခင်ဗျ။ ထိတွေ့တိုက်ပွဲတွေ နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ ခြေကုပ်ယူလို့ရတဲ့ နေရာတစ်ခုရောက်မှ မီးရှို့ဖျက်ဆီးတာနဲ့ ရိက္ခာယူတာတွေ လုပ်ခဲ့တယ်။ အခုတော့ စစ်ကြောင်းက အောင်သာ ပျူစောထီးရွာကို ပြန်ဝင်သွားပြီလို့ သိရတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းကလည်း အင်အားနှစ်ရာခန့်ပါ စစ်ကြောင်းဟာ ကမ္မမြို့အနီးက ဝါးကျွန်းတွင်း၊ ရေလာကြီး၊ ပြည့်အိုင်၊ ရွာသာအေးနဲ့ ရေမျက်ရွာတွေ နေအိမ် ၁၅၀ ကျော်လည်း မီးရှို့ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

မြစ်ခြေမြို့နဲ့ လေးမိုင်ခန့်သာဝေးတဲ့ စဘေကျေးရွာအုပ်စုမှာ စဘေ (အရှေ့စု)၊ စဘေ (အလယ်စု)၊ စဘေ (အနောက်စု) ရွာတွေပါဝင်ပြီး အိမ်ခြေ တစ်ထောင်ကျော် လူဦးရေ သုံးထောင်ကျော် နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရိက္ခာ ပို့ဆောင်ဖို့နဲ့ ပခုက္ကူမြို့နယ်ထဲက ပျူစောထီး လက်နက်ကိုင်တွေ ရှိနေတဲ့ရွာတွေကို ကာကွယ်ဖို့အတွက် ဒေသတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မီးရှို့နေတာလို့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ကျေးရွာ သုံးဆယ်ကျော်က ဒေသခံ သုံးသောင်းနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့၊ မြို့မ အမှတ် (၁) ရပ်ကွက်ထဲကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး သုံးဦး အပါအဝင် ငါးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော် (၁၀၆,၄၀၉) ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် (၇၃,၉၇၄) မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။