စစ်ကောင်စီတပ်က တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း CJDC ပြော

2022.01.26
စစ်ကောင်စီတပ်က တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း CJDC ပြော ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက်ကို တက်လာတဲ့ တင့်ကားတစ်စီးကို၊ ၂၀၂၁ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဥ်
Photo: The Chin Journal

ကလေး၊ ဂန့်ဂေါ၊ တမူး၊ ယော မြို့နဲ့ ချင်းပြည်နယ်ထဲက ကိုးမြို့မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကိုးလကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ Chinland Joint Defense Committee က ဇန်နဝါရီ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၄ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကိုးလအတွင်း စစ်ကောင်စီတပ် တွေနဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၈၀ ကျော် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀၂၉ ဦး၊ CJDC ဘက်က ၅၈ ဦးနဲ့ အရပ်သား ၂၂ ဦး သေဆုံးခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဇယားနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ချင်းပြည်နယ်ထဲက အဲဒီတိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ဒုက္ခသည် သုံးသောင်းကျော်ရှိပြီး လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ စတဲ့မြို့နယ်တွေက တိုက်ပွဲတွေကြားထဲ ငါးထောင်ကျော်လောက် ပိတ်မိနေတယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဇန်နဝါရီ ၁၇ ရက်နေ့အထိ ရရှိ ထားတဲ့စာရင်းအရ အဲဒီဒေသက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀၊ ချင်းပြည်နယ်မှာ ၃၃,၈၀၀၊ မကွေးတိုင်းမှာ ၂၀,၁၀၀ ရှိတယ်လို့ ဇန်နဝါရီ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။