စစ်ကောင်စီက ဖမ်းဆီးထားချိန် နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသူ ၄၁ ဦးရှိပြီ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.25

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးမှာရှိတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးပြီး စနစ်တကျ တည်ဆောက်ထားတဲ့ စစ်ကြောရေးစခန်းတွေ၊ ရဲစခန်း၊ အချုပ်ခန်းတွေနဲ့ အခုနောက်ပိုင်း မြို့နယ်ကျေးရွာအလိုက် လုံခြုံရေးအရ ယာယီ စစ်စခန်းချရာ ကျေးရွာစာသင်ကျောင်းတွေမှာ သံသယနဲ့ ဖမ်းဆီးပြီး နှိပ်စက်စစ်ဆေးတာကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးသူ စုစုပေါင်းဟာ ၄၁ ဦးထိ ရှိလာနေပါပြီ။

အခုနောက်ဆုံး သေဆုံးသူတွေကတော့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက အသက် ၇၂ နှစ် အရွယ် ဦးကံထောက် နဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ရွာက အသက် ၃၀ အရွယ် ကိုသက်နိုင်ဦး တို့ပဲ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကားအစီး ၄၀ ပါတဲ့ ယာဉ်တန်းကို ဒေသခံ ယော PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီနေ့ညနေပိုင်းမှာပဲ ဖြစ်စဉ်နဲ့ အနီးဆုံးမှာရှိတဲ့ နှမ်းခါးရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုဝင်ရောက်လာတဲ့အတွက် ထွက်ပြေးနိုင်သူအားလုံး ဘေးလွတ်ရာကို ချက်ချင်းတိမ်းရှောင်ခဲ့ကြပေမယ့် အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းတဲ့ အသက် ၇၂ နှစ်အရွယ် ဦးကံထောက် ကတော့ ရွာမှာပဲ ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

htetkooo.jpg
ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုထက်ကိုဦး (ဓာတ်ပုံ - ကိုထက်ကိုဦး - ဖေ့စ်ဘွတ်၊ MWD)

ဦးကံထောက် ကို စစ်တပ်က ဖမ်းဆီးပြီး PDF တပ်ဖွဲ့တွေအကြောင်း ရိုက်နှက်မေးမြန်းခဲ့ကြောင်း ကာယကံရှင် ဦးကံထောက် ကိုယ်တိုင် အသက်မဆုံးခင်က ဆွေမျိုးသားချင်းတွေနဲ့ ဒေသခံတွေကို ပြောပြခဲ့ပါတယ်။

“ခင်ဗျားက ဒီနားမှာစောင့်နေတာ ကျွန်တော်တို့ အခုတင်လာတာ မသိဘူးလားတဲ့။ အဲဒါမသိဘူးဆရာ ကျွန်တော့်ကို အမြဲတမ်းလာတဲ့သူတွေ ပြပါတယ် ကျွန်တော့်ကို။ အဲဒီလိုပြပြီးတာနဲ့ ဆောင့်ကန်ပစ်ရော ဗျာ။ နောက်ဒီကို ဆွဲပြီးတော့ ပြန်ပြီး မျက်နှာတွေ ထိုးလည်းထိုး၊ ရိုက်သွားတာ။ အဲဒါနဲ့ ကျွန်တော်က ဒီလို ခံနေတော့တာ။ အဲဒါမျိုး”

အသက်အရွယ်ကြီးရင့်မှု၊ ကျန်းမာရေးမကောင်းမှုတွေအပြင် စစ်တပ်က နှိပ်စက်စစ်ဆေးမှုတွေကြောင့် ဦးကံထောက် ဟာ ပြန်လွတ်လာပြီး သုံးရက်အကြာ ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ ပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင်၊ ကျောက်ကန်ကျေးရွာက အသက် ၃၀ အရွယ် ကိုသက်နိုင်ဦး ကတော့ ဩဂုတ်လ ၁၉ ရက်ညပိုင်း အိမ်အပြန်လမ်းမှာ စစ်တပ်နဲ့ ပျုစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ ကျေးရွာစာသင်ကျောင်းရှေ့ မှာ အဖမ်းခံလိုက်ရပြီး နောက်တစ်ရက် မနက်ပိုင်းမှာ စစ်တပ်က ရုပ်အလောင်းဖြစ်သာ ပြန်ပို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒဏ်ရာတွေတော့ ခေါင်းတွေရော ဒဏ်ရာတွေ အီစိမ့်နေတယ်လို့ ကြားရတယ်။ အဲဒီကောင်လေးက ကလေး သုံးယောက်အဖေ။ သူတို့ရှေ့ ဆိုင်ကယ်စီးကြမ်းလို့ ပြောတယ်။ ဒီ့အပြင် ဘာမှမရှိဘူးလို့ ကြားတယ်"

အဖမ်းခံရပြီးတဲ့နောက် ၂၄ နာရီအတွင်း ကျောက်ကန်ရွာသင်္ချိုင်းကို ရုပ်အလောင်းအဖြစ်သာ ပြန်ပို့လာတဲ့ ကိုသက်နိုင်ဦးရဲ့ မျက်နှာနဲ့ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောကြပါတယ်။

ကိုသက်နိုင်ဦး ဟာ ကျောက်ကန်ရွာမှာ ကြုံရာကျပန်း လုပ်ကိုင်နေတဲ့ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး သေဆုံးချိန်မှာ ဇနီးဖြစ်သူနဲ့ မူကြိုအရွယ် ကလေး သုံးယောက်ကျန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အရပ်သားတစ်ဦးဖြစ်တဲ့ ကိုသက်နိုင်ဦး ကို ဘာ့ကြောင့် ၂၄ နာရီအတွင်း သေဆုံးအောင် စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သလဲဆိုတာကို ဘယ်သူကမှ အတိအကျ မသိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"အမှန်တရားကို ဖော်ဆောင်ဖို့၊ သေဆုံးတဲ့လူတစ်ယောက်က ဘာ့ကြောင့်သေဆုံးသလဲ ဆိုတဲ့အချက်ရယ်၊ ဘယ်လို ကျူးလွန်သလဲဆိုတဲ့ အချက်တွေရယ်ကို ကျနော်တို့ သေချာအောင် ဖော်ထုတ်ဖို့ လိုအပ်ပါတယ်"

လူတစ်ဦး အသတ်ခံရပြီဆိုရင် ဘယ်လို သေဆုံးတယ်၊ ဘာ့ကြောင့်အသတ်ခံရတယ်ဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ အတိအကျအရေးယူဖို့ လုပ်ကိုလုပ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒေါက်တာ ဆာဆာ ပြောခဲ့သလိုပဲ။ အမှန်တရားကို ဖော်ဆောင်ဖို့၊ သေဆုံးတဲ့လူတစ်ယောက်က ဘာ့ကြောင့်သေဆုံးသလဲ ဆိုတဲ့အချက်ရယ်၊ ဘယ်လို ကျူးလွန်သလဲဆိုတဲ့ အချက်တွေရယ်ကို ကျနော်တို့ သေချာအောင် ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ပြန်လည်ပြီးတော့ အရေးယူနိုင်တဲ့ တရားစီရင်မှု ယန္တရား ဒါကို ကျနော်တို့ သွားပါမယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လက်ရှိ မြန်မာပြည်မှာ သေဆုံးမှုတွေသာမက နှိပ်စက်မှုတွေအကြောင်း၊ နောက်တစ်ခါ ကလေးတွေကို ဖမ်းဆီးသွား တယ်ဆိုတဲ့အကြောင်း မရိုးနိုင်သော နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှု အသစ်အသစ်တွေအကြောင်း ကျနော်တို့ တင်ပြတယ်။ ဒါကို တင်ပြတာက နားထောင်ကောင်းဖို့သက်သက် မဟုတ်ပါဘူး။ ဒါတွေ နားထောင်ပြီးလို့ရှိရင်တော့ ဒါတွေ အမြန်ဆုံး ရပ်တန့်ဖို့အတွက် စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်အောင် ကြိုးစားကြရပါမယ်”

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ ကြေငြာချက်တွေ ထုတ်နေရုံနဲ့မပြီးဘဲ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်လာဖို့အတွက်လည်း အဆက်မပြတ် ကြိုးစားနေတယ်လို့ ဦးအောင်မျိုး မင်းက ပြောသွားပါတယ်။

RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်း သိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ စစ်ကိုင်းတိုင်း ကလေးမြို့က သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသားတွေဖြစ်ကြတဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် (ခေါ်) အလီ၊ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင်ဇော်မျိုး (ခေါ်) ကိုအငယ်လေး၊ ပဲခူးတိုင်း ရွှေတောင်မြို့က ကိုအောင်အောင်လွင်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံ၊ ကလေးမြို့က ကိုလန်ခန့်ထန်၊ ရန်ကုန်က ကိုထက်ကိုဦး၊ မြင်းခြံခရိုင် ကျောက်ကန်ရွာက ကိုသက်နိုင်ဦးနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက အသက် ၇၂ နှစ်အရွယ် ဦးကံထောက် တို့အပါအဝင် စုစုပေါင်း ၄၁ ယောက်ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။