လှေစီးဒုက္ခသည် ၇၀၀ ကျော် ထဲမှာ မြန်မာဘက်ခြမ်းက ၁၀၀ ကျော်ပါဝင်
2015.06.04

ဟိုင်းကြီးကျွန်းဘက်ကနေ ရခိုင်ပြည်နယ် မောင်တောဘက်ကို ရွှေ့ပြောင်းလိုက်ပြီဖြစ်တဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံက အယောက် ၁၀၀ ကျော်ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
ဒီလှေစီးဒုက္ခသည်တွေကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်နဲ့အဖွဲ့ အပါအဝင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံက ဘင်္ဂါလီလူမျိုး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အယောက် ၁၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။
"အားလုံးပေါင်း အရေအတွက်က ၇၃၄ ဦး လို့သိရတယ်၊ ယောကျ်ားက ၆၁၁ ယောက်၊ အမျိုးသမီးက ၇၂ ယောက်၊ ကလေးက ၅၁ ယောက် သူတို့ကို ယနေ့စပြီးတော့စစ်နေပြီ၊ ၁ဝဝ ကျော်လောက်ကတော့ မြန်မာနိုင်ငံဖက်ကပေါ့နော်၊ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပြီးတော့မှ ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ အကြမ်းဖျင်းသိရပါတယ်"
ဒီမြန်မာနိုင်ငံသားလှေစီးဒုက္ခသည်တွေကို လောလောဆယ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးချက်တွေပေါ် မူတည်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အစောပိုင်း ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ပြေးသူ ၂၀၀ ကျော်ထဲက ၁၅၀ ကို ဇွန်လ ၇ ရက်နေ့မှာ ပထမအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေအရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူတွေ ရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။