တာချီလိတ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.03.28
တာချီလိတ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သည့် အဆောက်အအုံနေရာအား ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ်။
Telegram/စွမ်းအားရှင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့်ကို မတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘုရင့်နောင်စျေးနား ဝမ်းကောင်းရပ်ကွက်က ငါးဆယ်၊ ခြောက်ဆယ်လောက်ပါသွားတယ်။ အကုန်လုံး တရုတ်တွေပဲ။ ကွန်ပျူတာတွေလည်း အကုန်ပါသွားတယ်။ ရဲတွေရောပါတယ် အစုံဝင်ပြီး ဖမ်းသွားတယ်။ သူတို့ (တရုတ်) ဆီမှာရှိတာတွေ အကုန်ယူသွားတယ်။ အခုထိတော့ တရုတ်ကိုပြန်ပို့တယ်လည်း မကြားသေးဘူး”

စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ စွမ်းအားရှင်အမည်နဲ့ တယ်လီဂရမ်စာမျက်နှာမှာလည်း ဝမ်ကောင်း ရပ်ကွက်က သုံးထပ်တိုက်နေအိမ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့်ကို ဖမ်းမိပြီး လောင်းကစားဥပဒေနဲ့ အမှုဖွင့်ဖို့လုပ်ဆောင်နေသလို အိမ်ရှင်ကိုပါ လဝကဥပဒေနဲ့ အရေးယူမယ်လို့ ရေးထားပါတယ်။

တာချီလိတ်ဒေသခံတစ်ဦးကလည်း အဲဒီကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ လမ်းမကြီးဘေး အဓိကကျတဲ့ နေရာတွေမှာ မရှိတော့ပေမယ့် အတွင်းကျတဲ့နေရာတွေမှာတော့ ရှိနေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားရှစ်ရာကျော်ကို မကြာသေးခင်က ပြန်ပို့ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းတွေကို ဥပဒေနဲ့အညီ နှိမ်နင်းနိုင်ဖို့ ၂၀၂၃ ခုနှစ်၊ မတ်လကတည်းကစတင်ပြီး မြန်မာ၊ ထိုင်း အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။