ယင်းမာပင်မြို့နယ်မှာ လူငယ်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာကို ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မနက်က စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၀ ကျော်ဝန်းကျင်အရွယ် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အင်အားတွေ ထပ်ဖြည့်ပြီး အနီးနားရွာတွေကို ဝင်ရောက်နေလို့ လောလောဆယ် သေဆုံးသူရဲ့ ရုပ်အလောင်းကို သွားယူဖို့ အခက်အခဲရှိနေသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
သူဟာ စစ်ကောင်စီတပ်သားတွေ ကျေးရွာထဲကို ဝင်ရောက်လာချိန် ကြောက်လန့်ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးစဉ်မှာ ပစ်ခတ်ခံရတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေကို ကြောက်လို့ ရွာခံ အမျိုးသမီးနဲ့ ကလေးတွေ၊ အသက်ကြီးသူတေဟာ တောတွေထဲ ထွက်ပြေးရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဘာကြောင့်ပစ်ခတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေဟာ လက်လုပ် တူမီးသေနတ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်ခုခံနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။