မန္တလေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦး သေနတ်ပစ်ခံရ

2021.06.25
မန္တလေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦး သေနတ်ပစ်ခံရ ကြံ့ခိုင်ဖွံ့ဖြိုးရေးအလံကို တွေ့ရစဥ်
AFP Photo
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှာ ဒီနေ့ ဇွန်လ ၂၅ ရက် မနက် ၅ နာရီဝန်းကျင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းဟာ သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရပြီး ဆေးရုံကိုတင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သူဟာ စစ်တပ်သတင်းပေးဆိုပြီး ပစ်ခတ်ခံရတာလို့ အခင်းဖြစ်ခဲ့တဲ့နေရာအနီးမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"သူက စစ်တပ်သတင်းပေးပဲဗျ။ ပစ်တာကတော့ အသေပစ်တဲ့သဘောပါ။ အခုတော့ ဆေးရုံတင်ထားတယ် လို့ပဲ သိရတယ်။သေမသေတော့ မသိရသေးဘူး။ စစ်တပ်ကတော့ ဒီနားမှာ အတော်လေးစစ်နေတယ် "
 
သူဟာ ၁၁၄ လမ်း၊ ၅၉ လမ်းနဲ့ လမ်း၆၀ အကြား သူ့ရဲ့နေအိမ်ရှေ့မှာရှိနေချိန် သေနတ်သမားတွေက ရုတ်တရက်ရောက်လာပြီး လေးချက်ထက်မနည်း ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
 
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ကျော်မင်းရဲ့ တင်ပါးနဲ့ လက်ဖျံတွေကို ထိမှန်ပြီး ဆေးရုံတင်လိုက်ရတယ် လို့လည်း ဆိုပါတယ်။
 
ဦးကျော်ကျော်မင်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်မဲဆွယ်ခဲ့တဲ့သူတစ်ဦးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ကို သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ပါတီဝင်တွေ ပစ်မှတ်ထားသတ်ဖြတ်ခံရတာဟာ ၇၀ ဝန်းကျင် ရှိပြီလို့ ဇွန် ၁၀ ရက်က The Irrawaddy သတင်းဋ္ဌာနကိုပြောကြားထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။