စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် အုတ်ဖိုမှာ လူ နှစ်ဆယ်ခန့် ဖမ်းဆီးခံရ
2024.10.14
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က အင်အား သုံးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် လူ နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဝိုင်းကျေးရွာဆေးရုံအနီးမှာ နေထိုင်တဲ့ ဒေသခံတွေဖြစ်ပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၃ ရက် နေ့လယ် နှစ်နာရီ အချိန်ခန့်က ဝိုင်းကျေးရွာ ရဲကင်းစခန်းကနေ ရေတာရွာဘက်ကို ထွက်လာတဲ့ အင်အား သုံးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းကျေးရွာအုပ်စုရဲ့ ဆေးရုံအရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကြို့ပင်ကောက် ပြောက်ကျားတပ်ဖွဲ့က မိုင်းလေးလုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်က ဒေသခံတွေကို ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုတ်ဖိုမြို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဆေးရုံနားတစ်ပတ်လည်က ပြည်သူ အယောက် နှစ်ဆယ်လောက်ဖမ်းပြီး စခန်းထဲ ခေါ်သွားတယ်လို့ သိရတယ်ဗျ။ ဖမ်းခံရသူတွေထဲမှာ နယ်ခံတွေ ပါသွားတယ်။ အဆက်အသွယ်တွေ ဖြတ်ထားတယ်ဗျ။ အခုထိ အဖမ်းခံရသူတွေနဲ့ မိသားစုတွေ အဆက်အသွယ်မရသေးဘူး"
စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူနဲ့ ထိခိုက်သူတွေအများအပြားရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဥ်နဲ့ ပတ်သတ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ အခြေအနေအသေးစိတ်မသိရပေမဲ့ ပြည်သူတွေ သတင်းပေးတိုင်ကြားမှုကြောင့် ဒေသခံတွေနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီးနောက် အနီးနားရွာက ဒေသခံတွေကို ဖမ်းဆီးတာ မကြာခဏလုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။