ရှမ်းပြည် NLD ပါတီခေါင်းဆောင် ၆ ဦး ဖယ်ရှားခံရတဲ့ကိစ္စ ဦးဉာဏ်ဝင်း မသိကြောင်း ပြော
2016.09.05

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊ ခရိုင် ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ယောက်အနေနဲ့ မသိရှိကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ရှမ်းပြည်နယ် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တချို့ကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြသလောက်သာ သိရှိထားကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်အဲ့ဒီဟာကို ခင်ဗျားတို့သိသလောက်ပဲသိတယ်။ ကျနော်ဒီ့ထက် ပိုမသိဘူး။ ဒီဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့ CEC တစ်ယောက်အနေနဲ့လည်း ကျနော် မသိဘူး။ ကျနော်တို့ မကြာခင် အစည်း အဝေး တစ်ခုရှိမယ်။ ရက်နည်းနည်းညှိနေကြတယ်။ ဒီကိစ္စပါလာမှာပေါ့"
အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က မနေ့က ရှမ်းပြည်နယ် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်ခင်မိုးမိုး အပါအဝင် အလုပ် အမှုဆောင်ကော်မတီဝင် ၅ ဦးကို ရာထူးကနေ ဖယ်ရှားတဲ့အကြောင်း တောင်ကြီးမြို့မှာ သွားရောက်ပြောကြားခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်တွေကို အသစ်အစားထိုးခန့်အပ်မယ်ဆိုတဲ့ကိစ္စကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြား ခဲ့တယ်လို့ သိထားကြောင်း ဒေါ်ခင်မိုးမိုး က ဒီနေ့ RFAနဲ့ တွေ့ဆုံမေးမြန်းချက်မှာ ပြောခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဖေ့ဘွတ်စ်မှာ ရေးတင်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးတင်မောင်တိုးကိုလည်း ပါတီ စည်းကမ်းနဲ့ မညီဘဲ တင်ခဲ့တဲ့အတွက် ပါတီကနေ ထုတ်ပယ်ကြောင်း ဦးဝင်းထိန် က ပြောခဲ့တယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။