CDM ဝင်မယ့် တပ်မတော်သားတွေရဲ့ မိသားစုတွေအတွက် လုံခြုံရေးအာမခံပေးမယ်လို့ NUG ပြော

2021.08.23
CDM ဝင်မယ့် တပ်မတော်သားတွေရဲ့ မိသားစုတွေအတွက် လုံခြုံရေးအာမခံပေးမယ်လို့ NUG ပြော ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်လာမယ့် တပ်မတော်သားတွေရဲ့ မိသားစုတွေအတွက် လုံခြုံရေးကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အာမခံပေးမယ်လို့ NUG ရဲ့ ယာယီသမ္မတ ဦးဒါရှီ လဆိုင်းက ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ လူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို မခံရပ်နိုင်တာကြောင့် စစ်တပ်ထဲက အရာရှိ၊ စစ်သည်တချို့ CDM ဝင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းလာတာတွေ ရှိနေတာဖြစ်ပါတယ်။

စစ်တပ်ထဲမှာ CDM ဝင်ချင်တဲ့ အရာရှိ စစ်သားတွေ အများကြီးရှိပေမယ့် နောက်မှာချန်ထားခဲ့ရမယ့် သူတို့ရဲ့ မိသားစုတွေအတွက် စိတ်မချလို့ မဝင်ရဲဘဲဖြစ်နေကြတာလို့ CDM လုပ်ဖို့ စဉ်းစားနေတဲ့ တပ်မတော်စစ်ဆေးရုံ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိ CDM ဝင်နေတဲ့ တပ်မတော်သားတွေဟာ တပ်အပြင်မှာ မိသားစုတွေနေကြတဲ့ တပ်မတော်သား အရာရှိတွေ အများစုဖြစ်ပြီး၊ မိသားစုအတွက် စိုးရိမ်ဖို့မလိုတဲ့ လူပျိုတပ်မတော်သားတွေ အများစုဖြစ်တယ်လို့ သူက ပြောပါတယ်။

CDM ဝင်လာတဲ့ တချို့တပ်မတော်သားတွေကတော့ မိသားစုတွေကို လုံခြုံတဲ့နေရာကိုပို့ပြီးမှ ဝင်ကြသူတွေလည်းရှိပါတယ်။

CDM ဝင်လာမယ့် တပ်မတော်သား၊ ရဲသားတွေအတွက် NUG က ကော်မတီတစ်ရပ်ဖွဲ့ပြီး အကူအညီတွေ ပေးမှာ ဖြစ်သလို၊ CDM ဝင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာမယ့် တပ်မတော်သားတွေ ရဲသားတွေရဲ့ ရာထူး၊ လုပ်သက်နဲ့ ပင်စင်တွေကိုလည်း NUG အစိုးရက ဆက်လက်တာဝန်ယူမယ်လို့ ဆိုပါတယ်။

CDM ဝင်လာတဲ့ တပ်မတော်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့ မဟာမိတ်အဖွဲ့တွေ ဒေသခံခုခံ ကာကွယ်ရေး တပ်ဖွဲ့ PDF တွေကိုလည်း မှာကြားထားတယ်လို့ NUG က ပြောပါတယ်။

CDM ဝင်လာမယ့် တပ်မတော်သားတွေကို ငွေကြေးလည်း ချီးမြှင့်မယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF) နဲ့ မင်းတပ် ဒေသခံ ခုခံကာကွယ်ရေးတပ် CDF ကလည်း ကြေညာထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် CDM လုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ အရာရှိ စစ်သည် အင်အား ၈၀၀ လောက်ရှိတယ်လို့ CDM တပ်မတော်သားတွေကို စာရင်းပြုစုနေတဲ့အဖွဲ့က ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-23 20:31

I encourage to soldier for more participating the CDM