ရန်ကုန်-နေပြည်တော်အမြန်လမ်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RFA Burmese
2024.07.02
ရန်ကုန်-နေပြည်တော်အမြန်လမ်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ နေပြည်တော်၊ တန်ပိုကြေးကောက်သည့်ဂိတ်တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၆၁ မိုင်အနီးမှာ စစ်ကောင်စီ စစ်ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသက ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၂) ရဲ့ တပ်ရင်း (၃၅၀၁)၊ ဘုရင့်နောင်စစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

“နေပြည်တော် အမြန်လမ်းမှာဖြစ်တာ ဟုတ်တယ်။ ကျွန်တော်တို့ဆီက တပ်ရင်း (၃၅၀၁) က အဖွဲ့တွေပါ။ ဗိုလ်ကြက်သွန်တို့ တိုက်တာ”

ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက အခုလို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သေဆုံးထိခိုက်မှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကြောင်းကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။