နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ် တိုက်ခိုက်ခံရ
2023.02.24

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်အစပ် အရှေ့ဘက် တောင်ကြောပေါ်မှာ တည်ဆောက်ထားတဲ့ အမှတ် ၂၀၃၁ လေကြောင်းရန် ကာကွယ်ရေးတပ်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က တာဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (နေပြည်တော်) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာမှာ တစ်လုံးက လေကြောင်းရန် ကာကွယ်ရေးတပ်ဝန်းထဲက အဆောက်အအုံ ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးကတော့ အဆောက်အအုံတွေကြားက မြေကွက်လပ်ပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ နေပြည်တော်က စစ်ရေးပစ်မှတ်တွေအထိ ပစ်ခတ်တိုက်ခိုက်ရတာလို့ နေပြည်တော် PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နေပြည်တော် PDF အဖွဲ့က စစ်ရှိန်မြှင့်တဲ့ အတိုင်းအတာမှာရော NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မစ်ရှင်ဖော်မှု အရရော လုပ်ဆောင်တာပါ။ တာဝေးပစ်မစ်ဇိုင်းနဲ့ ပစ်ခတ်စမ်းသပ်တာပါ။ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ တာဝေးပစ် ဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ နေပြည်တော်လို နေရာမျိုးက နေပြည်တော် PDF ရဲ့ အဓိကတာဝန်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီအတွက်လည်း နေပြည်တော် အဝန်းအဝိုင်းမှာရှိတဲ့ စစ်ကောင်စီကို ရရာနည်းနဲ့ တိုက်ခိုက်တော်လှန်တာတွေရှိပါတယ်”
လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပစ်ခတ်တိုက်ခိုက်မှု အပြီးမှတော့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ဂျက်တိုက်လေယာဉ်တစ်စီးလည်း အဲဒီတပ်စခန်းပေါ် ဝဲပျဲပြီး လုံခြုံရေး ယူပေးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း လွိုင်ကော်-တောင်ငူ ကားလမ်းမပေါ်တည်ရှိပြီ နေပြည်တော်နဲ့ ခရိုင်ချင်း ဆက်လမ်းရှိတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ စစ်ကောင်စီတပ် ဗျူဟာကုန်း တာဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF ကပြောပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ် အနီးတစ်ဝိုက်က ရွာတွေမှာတော့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေ ရှိနေပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီရုံးစိုက်တဲ့မြို့ ဖြစ်တာကြောင့် မြို့အဝင်၊ အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို မြို့ပေါ်က အချက်အချာကျတဲ့ နေရာတွေမှာလည်း စစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်နဲ့ တင်းကျပ်ထားပါတယ်။