တောင်တွင်းကြီးက NLD တိုင်းလွှတ်တော်အမတ်နေအိမ် ဖျက်ဆီးခံရ

2021.09.07
တောင်တွင်းကြီးက NLD တိုင်းလွှတ်တော်အမတ်နေအိမ် ဖျက်ဆီးခံရ ဖျက်ဆီးခံရတဲ့ တောင်တွင်းကြီးမြို့၊ မောင်တိုင် (၁) ရပ်ကွက်က NLD ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်ကို တွေ့ရစဥ်
Photo: CJ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မောင်တိုင် (၁) ရပ်ကွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်ရဲ့ နေအိမ်ကို စက်တင်ဘာလ ၇ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ အရပ်ဝတ်တွေနဲ့လာရောက် ဖျက်ဆီးသွားတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူက ပြောပါတယ်။

“သူ့အိမ်မှာ လူမနေတာကြာပြီ၊ ဒီနေ့မနက်စော ၅ နာရီကျော်လောက်က ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ရောက်လာပြီး ခြံဝန်းတံခါးသော့ကိုဖျက်တာ မရလို့ ခြံစည်းရိုးကျော် အိမ်တံခါးမှန်တွေကိုရိုက်ခွဲသွားပြီး ပြန်ထွက်သွားတယ်” လို့ ကိုယ်တိုင်တွေ့ခဲ့သူ ဒေသခံက RFA ကို ပြောပါတယ်။

ဦးဝင်းမြင့်လှိုင်ရဲ့နေအိမ်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လူမှုကူညီရေးအသင်းရုံးဟာ ကိုက် (၁၀၀) ခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

ဦးဝင်းမြင့်လှိုင်ကလည်း နေအိမ်မှန်တွေ ဖျက်ဆီးခံရတာ မှန်ကန်ကြောင်းနဲ့ တောင်တွင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ခံထားရလို့ နေအိမ်မှာလူမနေတာ လချီကြာပြီလို့ အတည်ပြုပါတယ်။

နေအိမ်ဖျက်ဆီးခံရချိန်ဟာ အများပြည်သူ အပြင်ထွက်ခွင့်ရှိတဲ့အချိန် မဟုတ်တာကြောင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ဖျက်ဆီးသွားတာဖြစ်လို့ တရားဥပဒေအရဆောင်ရွက်နိုင်ရေး ရဲစခန်းကို ဆက်သွယ်အကြောင်း ကြားထားတယ်လို့ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း အဲဒီနေအိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေခဲ့ပြီး CCTV အထိုင်စက်ကို ဖြုတ်ယူသွားကြတယ်လို့ ဦးဝင်းမြင့်လှိုင်က ဆိုပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ NLD ပါတီရဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မကွေးတိုင်းလွှတ်တော် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။