ငပုတောမြို့နယ် NLD အလုပ်အမှုဆောင် စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2024.05.09
ငပုတောမြို့နယ် NLD အလုပ်အမှုဆောင် စစ်ကြောရေးမှာ သေဆုံး ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ၂၀၂၁ ခုနှစ်က ဆန္ဒပြခဲ့ကြစဉ်။
Citizen Journalist

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ဦးသန်းထွန်းကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဟိုင်းကြီးကျွန်းရေတပ်က မေလ ၅ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲ့ သူ့ရဲ့ရုပ်အလောင်းကို မေလ ၉ ရက် ဒီနေ့မှာ ကျောက်ချောင်းဆေးရုံကို လာရောက်ပို့ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးသန်းထွန်းရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

အသက် ၅၀ ကျော်အရွယ် ဦးသန်းထွန်းဟာ မေလ ၅ ရက်နေ့က သူနေထိုင်တဲ့ မရမ်းကွင်းကျေးရွာကနေ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ သေဆုံးသွားပြီဆိုတဲ့အကြောင်း စစ်ကောင်စီဘက်က မိသားစုဝင်တွေထံ အကြောင်းကြားလာခဲ့တာလို့ ဦးသန်းထွန်းရဲ့ မိတ်ဆွေက ပြောပါတယ်။

“သူက ဘာမှ ဒီလောက်ကြီး ပေါ်ပေါ်ထင်ထင်မရှိဘူး။ သူ အခုအဖမ်းခံရတော့မှ PDF တွေ ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်လို့ ကြားတယ်ပေါ့နော်။ ကြားတာက ငါးရက်နေ့က ကြားတယ်ဆို ဒီနေ့ဆို သေပြီဆိုပါတော့။ ဒီနေ့မနက် ကိုးနာရီက သေတယ်လို့ ကြားတယ်ပေါ့နော်”

ဦးသန်းထွန်းဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးသွားတာလို့လည်း သူက ပြောပါတယ်။

ဦးသန်းထွန်းဟာ ၂၀၁၅ အထွေထွရွေးကောက်ပွဲမှာ ငပုတောမြို့နယ်က အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်ရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

ဦးသန်းထွန်းဖမ်းဆီးခံရပြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကေင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း သတ်ဖြတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် တစ်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ စုစုပေါင်း NLD ပါတီဝင် ၁၀၂ ဦးအထိရှိလာပြီလို့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင် ကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။