ရွှေဘိုမှာ လူကိုးယောက် သံသယနဲ့အဖမ်းခံရ တစ်ယောက် သေဆုံး

2021.09.04
ရွှေဘိုမှာ လူကိုးယောက် သံသယနဲ့အဖမ်းခံရ တစ်ယောက် သေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ၂၀၂၁၊ ဇူလိုင် ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူကိုးယောက်ကို သံသယနဲ့ ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက တစ်ယောက်ဟာ စစ်ကြောရေးမှာ ဒဏ်ရာပြင်းထန်ခဲ့ရာကနေ ဆေးရုံမှာ သေဆုံးခဲ့ တယ်လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက ရွှေဘိုစက်မှုဇုံကနေ အလုပ်ကပြန်လာတဲ့ ကိုနိုင်မျိုး အပါအဝင် လူငယ် ငါးယောက်တို့ဟာ အမှတ် (၄) ရပ်ကွက် တပ်သားစုဆောင်းရေးတပ်ရှေ့ကနေ ဖြတ်သွားစဉ်မှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့လို့ ဒဏ်ရာပြင်းထန်တဲ့ သုံးယောက်ကို ရွှေဘို ဆေးရုံဆီ ညတွင်း ချင်း ပို့ဆောင်ခဲ့ရပါတယ်။

လူငယ်သုံးယောက်ထဲက အသက် ၃၆ နှစ်အရွယ် လုံးတော်ရွာသား ကိုနိုင်မျိုးက စက်တင်ဘာ ၃ ရက် နေ့မှာ သေဆုံးသွားခဲ့ပြီး ကျန် နှစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရွှေဘိုမြို့ခံ တစ်ယောက်က ပြောပါတယ်။

“သူက ကျန်းမာတဲ့လူ။ ဘာရောဂါအခံမှလည်း မရှိဘူး နှိပ်စက်တဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးခဲ့တာ”

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ရွှေဘိုမြို့ ဒိုဘီတန်းတရုတ်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးနဲ့ မသန်းသန်းဦး တို့ ဇနီးမောင်နှံကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတွေက ဖမ်းဆီးခဲ့ပါတယ်။

ရွှေဘို သက်သာပန်းတောင်းရပ်ကွက်က တရားလွှတ်တော် ရှေ့နေ ဒေါ်ဆုမွန်ရည်ရဲ့အိမ်ကိုလည်း စစ်ကား လေးစီးနဲ့ရောက်လာပြီး ဒေါ်ဆုမွန်ရည်ကို မတွေ့လို့ အိမ်အကူလုပ်ပေးနေတဲ့ မဆွေဆိုတဲ့ အမျိုးသမီးကို ဖမ်းခေါ်သွားပါတယ်။

ဒေါ်ဆုမွန်ရည်ရဲ့ အိမ်ထဲက ဆိုင်ကယ် ၃ စီး၊ စားသောက်ကုန်တွေနဲ့ တန်ဖိုးကြီးပစ္စည်းတစ်ချို့ကိုပါ ယူဆောင် သွားပြီး အိမ်အနောက်ဘက်မှာနေတဲ့ ကိုစိုးမင်းသိန်းကိုပါ ဖမ်းဆီးခဲ့တယ်လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါ တယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်ဆုမွန်ရည်ဟာ စစ်ကောင်စီကို ဆန္ဒပြလို့ အာဏာဖီဆန်လို့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူတွေအတွက် အခမဲ့ရှေ့နေ လိုက်ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ရွှေဘိုမြို့မှာ စစ်ကောင်စီကို သတင်းပေးနေသူလို့ စွပ်စွဲခံရတဲ့ ပန်းရံ ဆရာ ဦးစိုးတင့် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ရွှေဘိုမြို့ပေါ်မှာ ဖမ်းဆီးစစ်ဆေး တာတွေ ဆက်တိုက်ဆိုသလို လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။