ကနီ သာယာကုန်းရွာမှာ လက်နက်ကြီးကြောင့် လူကိုးဦး ထိခိုက်ဒဏ်ရာရ

2021.11.26
ကနီ သာယာကုန်းရွာမှာ လက်နက်ကြီးကြောင့် လူကိုးဦး ထိခိုက်ဒဏ်ရာရ ၂၀၂၁ နိုဝင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲမှာ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: Kani PDF
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက် မနေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေးခိုလှုံနေတဲ့ သာယာကုန်းရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူကိုးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်သားတွေက ဘုတလင်နယ်ဘက်နေ ကနီနယ်ဘက်ကိုကူးလာချိန်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
 
“စစ်သားတွေက ဘုတလင်နယ်က ရေဘုတလင်ရွာ မြသိန်းတန်ဘုန်းကြီးကျောင်း ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ထုတာ။ အဲဒီမှာ စစ်ဘေးရှောင်တွေကြား တစ်လုံးကျလာပြီး ထိခိုက်ဒဏ်ရာတွေရ သွားကြတာ။ အခုကတော့ ဆေးကုသမှုခံယူနေကြပါပြီ။ ထိခိုက်တဲ့သူအများစုက အသက် ၅၀ ဝန်း ကျင်တွေပါ။ ဘုန်းကြီးကျောင်းထဲ ရှောင်နေလည်း မလုံခြုံတော့ဘူး။ ဒီကနေ့ကတော့ ကျောင်းထဲ စစ်ရှောင်နေသူတွေ တခြားနေရာတွေကို ပြောင်းနေကြရပြီ"
 
စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာနေတယ် ဆိုတဲ့သတင်းတွေ ကြားတာနဲ့ ကနီမြို့နယ်ထဲက သာယာကုန်း၊ ချောင်းဝကြီး၊ ငါးချောင်းလေး စတဲ့ရွာတွေအပါအဝင် ရွာ ခုနစ်ရွာလောက်က ဒေသခံ ၃၀၀၀ လောက်ဟာ နိုဝင်ဘာလ ၂၅ ရက် မနေ့ကစတင်ပြီး ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီကနေ့မနက်မှာလည်း စစ်ကောင်စီက စစ်ရဟတ်ယာဉ်နဲ့ ကနီမြို့ပေါ်မှာ လှည့်ပတ်ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
 
ကနီမြို့နယ် ကျောက်လုံးကြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ မနေ့ကတိုက်ပွဲကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိနိုင်သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက် တပ်ဖွဲ့ဝင်တယောက်လည်း ကျည်ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။