ဖမ်းဆီးခံရတဲ့ ကလေး PDF အမျိုးသမီးကိုးဦး မိသားစုနဲ့ တွေ့ခွင့်မရ

2021.11.29
ဖမ်းဆီးခံရတဲ့ ကလေး PDF အမျိုးသမီးကိုးဦး မိသားစုနဲ့ တွေ့ခွင့်မရ စစ်ကောင်စီတပ်က ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးထားသည့် ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးကိုးဦးကို တွေ့ရစဉ်
Photo: David TD

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံထားရတဲ့ ကလေး PDF တပ်ရင်း (၃) က ချင်းအမျိုးသမီး ကိုးဦးစလုံး ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားပြီး မိသားစုဝင်တွေတော့ တွေ့ခွင့်မရ သေးဘူးလို့ ကလေး PDF က ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က ခြောက်ဦးနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က သုံးဦး ကလေးမြို့အကျဉ်းထောင်ကို ရောက်သွား ပြီလို့ ကလေး PDF တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကလေးအကျဉ်းထောင်ထဲကို သူတို့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေ ပို့လို့ရပေမယ့် မိသားစုဝင်တွေနဲ့ လူချင်းတော့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။

သူတို့ဟာ အသက် ၂၁ နှစ်နဲ့ ၁၇ နှစ်အကြား အရွယ်တွေဖြစ်ပြီး အများစုဟာ တက္ကသိုလ် ကျောင်းသူတွေဖြစ် ကြပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာခံရပြီး သူတို့ ကိုးဦးလုံး အဖမ်းခံလိုက်ရတာပါ။

စစ်တပ်က အာဏာသိမ်းတာကို မကြိုက်လို့ ပြီးခဲ့တဲ့ သြဂုတ်နဲ့ နိုဝင်ဘာလတွေက ကလေး PDF တပ်ရင်း (၃) မှာ ဆေးတပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေကြတာလို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ ၆၅ ယောက်ကျော်ရှိပြီး အဖမ်းခံထားရသူ ၃၆၀ ကျော် ရှိတယ်လို့ ကလေးမြို့ ပင်မ သပိတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။