ငါန်းဇွန်မှာ စစ်ဘေးဒုက္ခသည်တွေကို ပြန်လွှတ်ဖို့ ငွေကြေးတောင်းခံနေ
2024.10.21
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံသုံးဆယ်ကျော်ကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကောင်စီဘက်က ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။
သူတို့ကို ငါန်းဇွန်မြို့ပေါ်က ဘောလုံးကွင်းထဲမှာ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးဖို့အတွက် လူတစ်ဦးကို ငွေကျပ် ဆယ်သိန်းကနေ သိန်းနှစ်ဆယ်ကျော်အထိ တောင်းယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုထိ ဘောလုံးကွင်းထဲမှာ ဖမ်းထားတာဗျ။ အထဲမှာ ၇ နှစ်အရွယ် ကလေးတစ်ဦးရော၊ အသက်ကြီးတဲ့သူတွေရော ပါတယ်။ အလုပ်အကိုင်မရှိလို့ စစ်ရှောင်နေရပါတယ်ဆို ငွေကြေးနဲ့ ပြန်ရွေးခိုင်းမှတော့ ဘယ်လိုရွေးနိုင်မတုန်း။ မိသားစုတွေကိုလည်း အတွေ့မခံဘူး”
ညောင်လေးပင်ရွာ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးဆယ်ကျော်ကို အောက်တိုဘာ ၈ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ ဖမ်းဆီးခဲ့ပြီး အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးအများစုကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သုံးဆယ်ကျော်ကို ဆက်လက် ဖမ်းဆီးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ညောင်လေးပင်ရွာမှာ စစ်ကြောင်း ကင်းပတ်တာတွေရှိပေမဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာ မရှိဘူးလို့ အောက်တိုဘာ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ငါန်းဇွန်မြို့ပေါ်နဲ့ သံကုန်း၊ မြေတိုင်း၊ ကျောက်တစ်လုံး စတဲ့ ရွာပေါင်းဆယ်ရွာထက်မနည်းက ဒေသခံအမျိုးသား ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။