ကနီမြို့နယ်မှာ သုံးလအတွင်း တိုက်ပွဲပေါင်း ၃၀ ထက်မနည်း ဖြစ်ပွားခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ အချိန် သုံးလခန့်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့အကြား တိုက်ပွဲပေါင်း အကြိမ် (၃၀) ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူကာကွယ်ရေးအဖွဲ့ဘက်က ၂၇ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ အားလုံးသိအောင် အခုလိုထုတ်ပြန်တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“တော်လှန်ရေးအရှိန်အဟုန်ကလည်းမြင့်လာနေပြီ၊ ပြေးနေတဲ့သူတွေလည်း ရှိတယ်။ သဘာဝရာသီဥတု အခြေနေလည်း မကောင်းသလို နိုင်ငံရေး ရာသီဥတုအခြေအနေကလည်း မကောင်းတော့ ပြည်သူတွေ ကြိုတင် ပြင်ဆင်လို့ရအောင် ထုတ်တာ။ မြို့မှာဖြစ်နေတဲ့အခြေအနေကို အားလုံးကလည်း သိချင်နေကြ တော့ တစ်ယောက်ချင်းလည်း ရှင်းမပြနိုင်တဲ့အခြေအနေမို့ အခုလို ထုတ်ပြန်ရှင်းပြထားတာပါ”
ကနီမြို့နယ်မှာ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး မြို့နယ်အတွင်းက ပြည်သူတွေရဲ့ ရွှေ၊ ငွေတွေ အပါအဝင် ဆန်၊ ဆီ၊ ဆေးဝါးတွေကို စစ်ကောင်စီက ယူဆောင်သွားတာ၊ ကား၊ ဆိုင်ကယ်တွေ ဖျက်စီးခံခဲ့ရတာဟာ ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်းပေါင်း ထောင်ချီရှိတယ်လို့ ဆိုပါတယ်။
ပြည်သူ ၄၂ ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ လေးဦး သေဆုံးခဲ့ရကာ တိုက်ပွဲတွေကို ရှောင်တိမ်းနေရတဲ့အတွက် အသက် ကိုးနှစ်အရွယ် ကလေးတစ်ယောက် သွေးလွန်တုတ်ကွေးနဲ့ သေဆုံးခဲ့ ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကနီမြို့နယ်ဟာ စစ်ကောင်စီကို တူမီးသေနတ်နဲ့ တော်လှန်ခုခံနေတဲ့ ဒေသဖြစ်ပြီး နေ့စဉ်နီးပါး ပြောက်ကျား တိုက်ပွဲငယ်တွေလည်း ဖြစ်ပွားနေတာကြောင့် အခုဆိုရင် ကျေးရွာပေါင်း ၅၀ ကျော်ကနေ စစ်ဘေးရှောင်ရသူ ငါးသောင်း ထက်မနည်း ရှိလာပြီလို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။