နောင်ချိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ရွာသားအချို့ ပိတ်မိနေ
2023.02.10

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာ ဘုရားကုန်းအနီးမှာ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ပါ တိုက်ခိုက်နေတယ်လို့ ကျေးရွာ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ လုံခံကျေးရွာသားတွေ ပိတ်မိနေပြီး ခဲမွန်၊ ကုလားကွဲ၊ ဒိုးပင်၊ ကြံခင်း ကျေးရွာတွေက ဒေသခံ ၅၀၀ ဝန်းကျင်ဟာ ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းကို တိမ်းရှောင်နေရတယ်လို့ လုံခံကျေးရွာက ဒေသခံ တစ်ဦးကပြောပါတယ်။
“တိုက်ပွဲက လုံခံကနေ စဖြစ်တာပေါ့နော်။ အရင်ကတည်းက တိုက်ပွဲခဏခဏ ဖြစ်တော့ ပုန်းခိုကျင်း တူးထားတာရှိတယ်။ အခုရွာသားတွေက ထွက်လို့မရဘူး။ အဲအထဲမှာပဲ နေနေရတာ။ ထွက်လိုက်ရင် ပစ်ခံရမှာကြောက် နေကြတာ”
နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခံရွာထဲကို ရောက်လာပြီး ကျေးရွာ နေအိမ်မှာ ပိတ်မိနေတဲ့ ရွာသားတွေထဲက အမျိုးသားတွေကို စစ်ဆေး မေးမြန်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အဲဒီကျေးရွာတွေအနီးမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူအချို့နဲ့ ဒေသခံအချို့ ကြိုတင် တိမ်းရှောင်နေကြတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီဘက်က သူတို့ တပ်ဖွဲ့တွေရှိတဲ့ နေရာကို ဒီမနက် ၅ နာရီခွဲလောက်မှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
“မနက် ၉ နာရီမှာ MI-35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုရှိတယ်။ နာရီဝက်လောက် ကြာပါတယ်။ ပြီးသွားရင် ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာက သုံးကြိမ်ရှိသွားပါပြီ။ တိုက်ပွဲအခြေအနေက မနက် ၅ နာရီခွဲ လောက်က နေ နေ့ခင်း ၁ ၂နာရီခွဲလောက်အထိ ဖြစ်နေတာဖြစ်ပါတယ်။ တိုက်ပွဲက မြေပြင်မှာဖြစ်တဲ့ အနေအထားကလည်း အတော်ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်”
တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေကိုတော့ မြေပြင်ကိုဆက်သွယ်နေတုန်းဖြစ်လို့ အသေးစိတ် မပြောနိုင် သေးဘူးလို့ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းတာမှာလည်း ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ တိုက်ရိုက် ကွပ်ကဲမှု အောက်က နေ စုဖွဲ့ထားတဲ့ PDF တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
မန္တလေးတိုင်နဲ့ ရှမ်းပြည်နယ်အစပ် ဒေသဖြစ်တဲ့ နောင်ချိုမြို့နယ်အတွင်းက လုံခံ၊ ကုလားကွဲ၊ ဒိုးပင်၊ ကြံခင်းနဲ့ ရတနာသိင်္ဂီ စတဲ့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ဖရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လ အတွင်းမှာလည်း အဲဒီကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာခြောက်ခုက ဒေသခံ ၁၀၀၀ နီးပါး နီးစပ်ရာကို ထွက်ပြေးခဲ့ရပါတယ်။